သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး တွန်းအားပေး


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး တွန်းအားပေး
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး တွန်းအားပေး

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး မြန်မာနိုင်ငံကိုသွားတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အဖြစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး William Hague မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။ မြန်မာအစိုးရ ပြုပြင်ပြောင်း လဲမှုတွေ ဆက်လုပ်သွားဖို့ တွန်းအားပေးတဲ့အနေနဲ့ သွားတယ်ဆိုတဲ့ သူ့ရဲ့ ခရီးစဉ်မှာ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ Mr. Hague ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ စောင့်ကြည့်နေတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ပြုပြင်ရေးလမ်းကြောင်းပေါ်သွားနေတဲ့ မြန်မာအစိုးရ ဆက်ပြီး ပြောင်းလဲမှုတွေလုပ်သွားဖို့ အားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံကို သွားရတာဖြစ်တယ်၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ဗြိတိန်အနေနဲ့ နောက်ထပ် ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို အကဲဖြတ်ဖို့ မြန်မာနိုင်ငံကို သွားရတာ ဖြစ်ပါတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က သူ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြောထားပါတယ်။

မြန်မာအစိုးရ လတ်တလောဆောင်ရွက်ခဲ့တဲ့ အားတက်စရာ ခြေလှမ်းတွေကြောင့် နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ မြန်မာနိုင်ငံကို သွားရတာဖြစ်တယ် လို့လည်း ပြောပါတယ်။

ဒီနေ့ မနက်ပိုင်း နေပြည်တော်ကို ရောက်လာတဲ့ ဝန်ကြီး William Hague ဟာ သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ နောက်ထပ်မြင်ချင်တဲ့ ပြောင်းလဲမှုတွေကို လုပ်ခဲ့တယ်လို့ ဗြိတိန်သံရုံးက နိုင်ငံရေးရာ ဒုတိယ အတွင်းဝန် Joe Fisher က ခုလိုပြောပြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ တိုးတက်မှုတွေရှိခဲ့တဲ့အပေါ် ကြိုဆိုတယ်လို့ ပြောခဲ့တာပါ။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ နေရာမှာ နောက်ထပ် ဗြိတိန်က မြင်ချင်တဲ့ အပြောင်းအလဲတွေကို နိုင်ငံခြားရေးဝန်ကြီးကိုပြောခဲ့ပါတယ်။ နောက်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံတဲ့ အခါမှာလည်း အလားတူ ပြောတာဖြစ်တယ်လို့ သံရုံး ဒုတိယအတွင်းဝန် Joe Fisher ကပြောပြတာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလွတ်လပ်မှု ရေရှည်ရရှိနိုင်ဖို့ နောက်ထပ် လုပ်စရာတွေ ရှိသေးတယ်ဆိုတာကို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ခရီးစဉ်နဲ့ ပတ်သက်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အထူးသဖြင့် ထောင်တွေထဲမှာ ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ ကြားဖြတ်ရေးကောက်ပွဲကို လွတ်လပ် မျှတစွာ ကျင်းပပေးဖို့၊ ပဋိပက္ခဖြစ်နေတဲ့နေရာတွေဆီကို လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးသူတွေ သွားရောက်နိုင်ဖို့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လက်ခံယုံကြည်နိုင်လောက်တဲ့ ဆောင်ရွက်မှုတွေ မြန်မာအစိုးရဘက်က လုပ်ဖို့ လိုအပ်တယ်ဆိုတာကို မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အခိုင်အမာပြောခဲ့တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်သွားမယ်လို့ အာမခံချက် ပေးခဲ့တယ်လို့ Mr. Hague က ပြောပြပါတယ်။ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ ဝန်ကြီး ဝဏ္ဏမောင်လွင်က ဆိုပါတယ်။ ဗြိတိန်၊ အမေရိကန် အပါအဝင် အင်အားကြီးနိုင်ငံတချို့က မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိနေပါတယ်လို့ ပြောနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အပေါ် မြန်မာ့အရေး စောင့်ကြည့်သူတွေက ဝေဖန်မှုတွေရှိပါတယ်။ ဒီကိစ္စကိုရော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးဖို့ ရှိသလားလို့ သံရုံး ဒုတိယအတွင်းဝန် Joe Fisher ကိုမေးပါတယ်။

ဒီကိစ္စကို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက သူ့ ခရီးစဉ် တလျှောက်လုံးမှာ ပြောသွားမှာပါ၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် သူ့ရဲ့ စိုးရိမ်မှုကို နေပြည်တော်မှာရော ရန်ကုန်မှာပါ ပြောသွားမှာဖြစ်ပါတယ်။ ရန်ကုန်မှာ အခုညနေ ကချင်တိုင်းရင်းသား ကိုယ်စားလှယ်တွေ အပါအဝင် တခြားတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့သာမကဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ အခါမှာလည်း သူတို့ဘက်က စိုးရိမ်မှုတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်လို့ ပြောသွားတာပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ ညပိုင်းကျရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးတေ့ွဆုံပြီး ညစာစားမှာဖြစ်ပါတယ်။ မနက်ဖြန် မနက်ပိုင်းကျရင်တော့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ ပြောမယ်လို့ မျှော်လင့်ရတဲ့အကြောင်းတွေနဲ့ ပတ်သက်လို့ သံရုံး ဒုတိယအတွင်းဝန် Joe Fisher က

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြံ့ကြံ့ခံ ရုန်းကန်မှုတွေအပေါ်မှာ အားကျတယ်ဆိုတဲ့အကြောင်းကို ဝန်ကြီး Hague က ပြောမှာ သေချာပါတယ်တဲ့။ နောက် အစိုးရနဲ့ ဆွေးနွေးမှုတွေလုပ်နေတာကို ကြိုဆိုတယ် ဆိုတာ အသိပေးပါလိမ့်မယ်၊ နောက် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ၊ ပြုပြင်ပြောင်းလဲ မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်တွေကို မေးမှာဖြစ်တယ်လို့ ပြောသွားတာပါ။

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေနွေးမှုတွေ လုပ်တာ၊ သတင်းမီဒီယာ လွတ်လပ်မှုပိုင်း တိုးတက်လာခဲ့တာ၊ ဒီနှစ်ထဲကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါဝင်နိုင်အောင် ဥပဒေ ပြဌာန်းချက်ကို ပြင်ဆင်ပေးခဲ့တာတွေဟာ ဗြိတိန်က ကြိုဆိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်တယ်ဆိုတာကို အသိပေးထားပြီးတော့ ဆက်ပြီး ပြောင်းလဲမှုတွေ လုပ်သွားဖို့ ဗြိတိန်အစိုးရက တိုက်တွန်းထားချိန်မှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ၊ ဟိတ်ဂ် မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

XS
SM
MD
LG