သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိ


National League for Democracy (NLD)'s flag
National League for Democracy (NLD)'s flag

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီ ၅ ရက်နေ့၊ နေ့စွဲနဲ့ ခွင့်ပြုလိုက်ပါပြီ။ ဒါ့ကြောင့် နိုင်ငံရေးပါတီတခုအဖြစ် တရားဝင်ရပ်တည်ခွင့် ရပြီဖြစ်တဲ့ NLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခြေအနေတွေကိုတော့ NLD ပါတီကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ပြုချက်နဲ့ ပါတီမှတ်ပုံတင် နံပါတ်ကို နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဇန်နဝါရီ ၅ရက် ကြာသာပတေးနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါပြီ။ ပြည်တော်စုကော်မရှင်ရဲ့ ခွင့်ပြုချက်ကို ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းကပြောပါတယ်။

“ကျနော်တို့ ဒီနေ့မှာ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က လှမ်းအကြောင်းကြားပါတယ်။ နေပြည်တော်က အမိန့်ထွက်ပါပြီ၊ စာရွက်လာယူပါဆိုလို့ ကျနော်သွားယူပါတယ်။ ဒီနေ့ရက်စွဲနဲ့ပါ။ နောက်ပြီးတော့ ကျနော်တို့ပါတီရဲ့ မှတ်ပုံတင် နံပါတ်က ၄၇ ပါ။ အလံ၊ တံဆိပ်၊ အားလုံးအတည်ဖြစ်ပါပြီ”

နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်ရသွားပြီဖြစ်တဲ့ NLD ပါတီအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေအဖြစ် ပါတီဝင် လက်ခံရေးကို အမြန်ဆောင်ရွက်မှာ ဖြစ်သလို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက်လည်း NLD ပါတီကနေ ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း ကိစ္စတွေကို စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

“အမြန်လုပ်ရမယ့်အလုပ်ကတော့ NLD ပါတီဝင်လျှောက်လွှာပုံစံတွေ ကျနော်တို့ထုတ်ပေးမယ်။ လာမယ့်တနင်္လာနေ့က စပြီးတော့ ကျနော်တို့ထုတ်ပေးမယ်။ နောက် ဒုတိယ တဆက်တည်းလုပ်ရမှာက ၁၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ တိုင်း၊ ခရိုင်၊ မြို့နယ်က လစ်လပ်နေရာတွေအတွက် လွှတ်တော်ကိုယ်စားလှယ်တဦးစီ ကျနော်တို့ဆီကို အမည်စာရင်း ပေးပို့နိုင်တယ်လို့ ကျနော်တို့ အကြောင်းကြားထားတယ်။ အဲဒါ သူတို့ပေးပို့လာပြီးရင် ၁၁ ရက်ကျော်တာနဲ့ ရွေးကောက်ပွဲ နယ်မြေ၊ နောက် မဲဆန္ဒနယ်၊ ဝင်ရောက်မယ့်ပုဂ္ဂိုလ်- ဒါတွေကို ကျနော်တို့ ဗဟိုအောင်နိုင်ရေးကော်မတီက ဆုံးဖြတ်ပေးပါလိမ့်မယ်”

ကြားဖြတ်ရွေးကော်ပွဲက နိုုင်ငံတဝန်းလစ်လပ်နေရာ ၄၈ နေရာစလုံး အတွက် NLD က ယှဉ်ပြိုင်မှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝင်ပြိုင်ဖို့လည်း စီစဉ်ထားပါတယ်။

“လစ်လပ်နေရာမြို့နယ်တွေရဲ့ အောင်နိုင်ရေးအဖွဲ့တွေကို ကျနော်တို့အမြန်ဆုံးဖွဲ့ဖို့ ကြိုးစားနေတယ်။ ဖွဲ့ပြီးရင်သူတို့ ရွေးကောက်ပွဲအောင်နိုင်ရေးလှုပ်ရှားမှုတွေ၊ သူတို့အောက်ခြေက၊ သက်ဆိုင်ရာမြို့နယ်တွေကစပြီးတော့ လှုပ်ရှားမှာပါ”

ဒါ့အပြင် NLD ပါတီဝင်အဖြစ်လျှောက်ကြရာမှာ ပါတီဝင်သစ်လျှောက်တဲ့သူတွေအတွက် အထွေအထူးမရှိပေမယ့် အရင် ပါတီဝင်ဟောင်းတွေကတော့ ပါတီရဲ့ စည်းကမ်းနဲ့ ငြိစွန်းခြင်းရှိမရှိ စီစစ်လက်ခံမှာ ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ NLD ပါတီဝင်အဖြစ် ပြည်တွင်းထဲသာမက ပြည်ပကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ NLD ပါတီဝင်အဖြစ် လျှောက်လိုသူများအတွက် NLD ပါတီရဲ့ အင်တာနက် အွန်လိုင်းစာမျက်နှာကနေတဆင့် လျှောက်လွှာ ပုံစံတွေနဲ့အတူ ကြေညာချက်တွေကို လာမယ့် ရက်သတ္တပါတ်ထဲ စတင်တော့မယ်လို့လည်း ပြောပါတယ်။

“အဲဒီစည်းမျဉ်း စည်းကမ်းတွေက အပြောင်းအလဲမရှိဘူး။ နဂိုရ်ကကျနော်တို့ NLD ရဲ့ စည်းမျဉ်းစည်းကမ်းတွေပဲ။ အဲဒီစည်းမျဉ်းစည်းကမ်းတွေနဲ့ စိစစ်ရေးအဖွဲ့တဖွဲ့ ကျနော်တို့ ဖွဲ့ထားပါတယ်။ ကျနော်တို့ ဒု ဥက္ကဋ္ဌဦးတင်ဦးအပါအဝင် ၅ ယောက်၊ ၆ ယောက်လောက်ပါတယ်။ အဲဒီစိစစ်ရေးအဖွဲ့က အဲဒီကိစ္စတွေကို ကိုင်တွယ်မယ်။ သာမန် ဘာမှ ပြဿနာမရှိဘူး၊ စည်းကမ်းနဲ့ညှိစရာမလိုတာတွေကတော့ အမြန်ဆုံး ပါတီဝင်အသိအမှတ်ပြုလွှာတွေ ထုတ်ပေးပါမယ်”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းပါ၊ တခါ NLD ပါတီက အသုံးပြုထားတဲ့ ခွပ်ဒေါင်းတံဆိပ်ကို ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက သူတူို့ ပါတီတံဆိပ်နဲ့ ဆင်တူနေတဲ့အတွက် ကော်မရှင်မှာ ကန့်ကွက်ထားတယ်လို့ သတင်းတွေထွက်နေပေမယ့် NLD ပါတီကို ဒီကိစ္စအတွက် ကော်မရှင်က ဘာမှ အကြောင်းကြားတာ မရှိဘူးလို့လည်း ဦးဉာဏ်ဝင်းကပြောပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့် ကျခဲ့ပြီးနောက် ဒီဇင်ဘာ ၂၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု၊ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီ မှတ်ပုံတင်တင်ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG