သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးခွန်ထွန်းဦး ကျန်းမာရေးချို့တဲ့


ဦးခွန်ထွန်းဦး ကျန်းမာရေးချို့တဲ့
ဦးခွန်ထွန်းဦး ကျန်းမာရေးချို့တဲ့

နှစ်ရှည်နိုင်ငံရေးအကျဉ်းသား တဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးဟာ တောင်ငူထောင်မှာ ကျန်းမာရေးချို့တဲ့နေတယ်လို့ သူရဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ဦးခွန်ထွန်းဦးရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာသွားတွေ့တဲ့အခါ အခုလို ကျန်းမာရေး ချို့တဲ့နေမှု အခြေအနေတွေကို သိခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက ပြောပြပေးမှာပါ။

တောင်ငူထောင်မှာ နှစ်ရှည်ထောင်ဒဏ်နဲ့ ချုပ်နှောင်ခံထားရတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးဟာ နေမကောင်းဖြစ်နေပြီး ကျန်မားရေးဆိုးဝါးနေလို့ ဒီကနေ့ ဇန်နဝါရီ ၅ ရက်၊ ကြာသာပတေးနေ့မှာ ထောင်ဝင်စာ သွားတွေ့ကြတဲ့ သူ့မိသားစုဝင်တွေဆီကတဆင့် သိရတဲ့အကြောင်း ခွန်ထွန်းဦးရဲ့ SNLD ပါတီ တာဝန်ရှိသူက ပြောပါတယ်။

ဦးခွန်ထွန်းဦးဟာ ကျန်းမာရေးချို့တဲ့နေမှုကြောင့် ဆေးသွင်းထားရတယ်ဆိုတဲ့အခြေအနေကို လတ်တလောသိထားရပြီး ဘာရောဂါကြောင့်လဲဆိုတာတော့ အခုညပိုင်းထိ မိသားစုနဲ့ ထပ်ပြီးအဆက်အသွယ်မရသေးတဲ့အတွက် အတိအကျ ထပ်မသိရသေးဘူးလို့ SNLD ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“လောလောဆယ် ကျနော်တို့သိရသလောက်ကတော့ မိသားစုက မနက်အစောကြီးကတည်းကထွက်သွားတယ်။ ခါတိုင်းဆိုရင်တော့ ၈ နာရီလောက်ကစပြီး တွေ့ခွင့်ရတာပေါ့နော်။ ဒီနေ့တော့ ညနေ ၃ နာရီလောက်ကျမှ ထောင်ထဲကို ဝင်ခွင့်ရတယ်။ နောက်ပြီးတော့ ထောင်ထဲက ဦးခွန်ထွန်းဦးက ဆေးသွင်းနေရလို့ လို့ ပြောတယ်။ ၃ နာရီလောက်မှာကျ မိသားစုနဲ့အတူ အပြင်ကဆရာဝန်တဦးလည်း ပါသွားတာပေါ့နော်၊ ဆေးကုပေးတာကတော့ ထောင်ကနေစီစဉ်ပေးတဲ့ ဆရာဝန်ပဲဖြစ်ဖို့များပါတယ်။ အပြင်ဆရာဝန်ဆိုရင်တော့ ဝင်ခွင့်မပေးဘူးလေ။ ရောဂါတွေကတော အစာအိမ်နာရောဂါ၊ အကြိတ်ရောင်ရောဂါ စတာတွေ ခံစားရတာပေါ့”

ဦးခွန်ထွန်းဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က ပူတာအိုထောင်ကနေ တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်တာလည်း ဖြစ်ပါတယ်။

“ပူတာအိုထောင်ကနေ တောင်ငူထောင်ကို ပြောင်းတော့ ကျနော်တို့ ဦးခွန်ထွန်းဦးဆီကနေ message လေးတခု ရပါတယ်။ မြစ်ကြီးနားမှာ ခဏထားနေတုန်းမှာ လူကြီးတွေလာတွေ့တာပေါ့နော်။ အခြေအနေကောင်းလို့၊ လွှတ် ပေးကာနီးလို့ သူ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့အနေအထားလေးကို သုံးသပ်ပြီး ပြောပြတယ်။ မကြာမတင်မှာ လွှတ်လိမ့်မယ်လို့ သူက မျှော်လင့်တာပေါ့။ ဒါပေမယ့် ယုံတော့ မယုံနဲ့ပေါ့။ မျှော်လင့်ချက်တော့ ထားပါ။ ၄ ရက်နေ့ကို လွှတ်ရင် လွှတ်မယ်၊ အဲဒီမှာ မပါခဲ့ဘူးဆိုရင်လည်းပဲ ၆ ရက်နေ့လောက်မှာမှ အေးအေးဆေးဆေးလာတွေ့ပါ-ဆိုပြီး မိသားစုကို မှာလိုက်တာမျိုး ကျနော်တို့ ကြားသိရတယ်။ ဒါပေမယ့် ၅ ရက်နေ့ကျတော့ ကမန်းကတန်းပဲ ဆေးတွေ လာပို့ပါဆို လှမ်းပြီး မှာလိုက်တယ်။ ဆိုတော့ မျှော်လင့်ထားတဲ့ကိစ္စတွေ ဖြစ်မလာတဲ့အတွက်ကြောင့်မို့လို့ သွေးများ တိုးသလားလို့ ကျနော်တို့က နည်းနည်းစိုးရိမ်တာပေါ့နော်”

ဒါကတော့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦိးစိုင်းလိတ်က ဦးခွန်ထွန်းဦးရဲ့ ကျန်းမာရေးအခြေအနေ ပြောပြခဲ့တာပါရှင်။ မြန်မာနိုင်ငံမှာ နှစ်ဆန်းပိုင်း လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေရှိမယ်၊ အဲဒီအခါ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပေမယ့် ဇန်နဝါရီ ၂ ရက်နေ့က သမ္မတထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်က မျှော်လင့်ချက်အားလုံး မှေးမိန်သွားခဲ့ကြတာပါ။

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က ဖားအံထောင်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဘလော့ဂါ ကိုနေဘုန်းလတ်ကို မိခင်ဖြစ်တဲ့ ဒေါ်အေးအေးသန်းက ထောင်ဝင်စာသွားတွေ့တဲ့အခါ ဖားအံထောင်ကနေ ဘယ် နိုင်ငံရေးအကျဉ်းသားမှ မလွတ်ဘူးဆိုတာ ကိုနေဘုန်းလတ်က ပြောပြခဲ့တယ်လို့ ဒေါ်အေးအေးသန်းက ပြောပါတယ်။

“သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာပဲ တွေ့ခဲ့ရပါတယ်။ ဖားအံထောင်က နိုင်ငံရေးအကျဉ်းသား ၇ ယောက် ရှိတဲ့ အထဲမှာ တယောက်မှ လွတ်မလာတဲ့အတွက် သူတို့လည်း ဝမ်းနည်းဖို့တောင် အချိန်မရဘူးပေါ့။ အံ့သြနေကြတာ။ ဒီမိုကရေစီအစိုးရမှန်ရင် ပေးထားတဲ့ကတိကဝတ်တွေကို ပြောထားတဲ့နှုတ်ထွက်စကားတွေကို ပစ္စလက္ခတ် လုပ်မပစ်လောက်ဘူးလို့ ထင်ပါတယ်တဲ့။ ဖေဖော်ဝါရီ ၁၂ ကို စောင့်ကြည့်ရမှာပေါ့တဲ့။ အဲဒါလေးတော့ သူမှာလိုက်တယ်။”

လွတ်ငြိမ်းချမ်သာခွင့်မကြေညာခင် ရက်ပိုင်းတွေက ထောင်ထဲမှာ ခေါ်ယူမေးမြန်းတာတွေ ရှိခဲ့တာမို့ သူတို့အားလုံး မျှော်လင့်ချက်တွေ ရှိခဲ့ကြတယ်လု့ိလည်း ပြောပါတယ်။ ဒါပေမယ့် အခုကြေညာချက်ထွက်တဲ့အခါ သူတို့အတွက် အခွင့်အလမ်းမရှိပေမယ့် စိတ်ပျက်အားငယ်ခြင်းမရှိသလို လူကြုံနဲ့ စကားပါးလိုက်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ စကားနဲ့ ခွန်အားတွေထပ်ဖြည့်ထားတယ်ဆိုတာကိုလည်း ကိုနေဘုန်းလတ်က သူ့မိခင်ကိုပြောပြခဲ့ပါတယ်။

“ကိုမင်းကိုနိုင် ပြောပြတဲ့စကားလုံးလေးကတော့- ရောက်တဲ့နေရာက အရေးမကြီးဘူး-တဲ့၊ ကျင့်နေတဲ့တရားက အရေးကြီးတယ်-တဲ့။ ဖိအားဒဏ်ကို ကြာရှည်ခံနိုင်မှ ကာဗွန်တွေသက်တမ်းရင့်၊ စိန်ပွင့်ဖြစ်နိုင်တယ်တဲ့။ အဲဒီအမှာစကားလေးကြောင့် သူတို့လည်း အားတင်းလို့ ရတယ်-တဲ့”

နိုင်ငံရေးအကျဉ်းသား ဘလော့ဂါနေဘုန်းလတ် မိခင် ဒေါ်အေးအေးသန်းပြောပြခဲ့တာပါ။ ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီ ၅ ရက် ကြာသာပတေးနေ့ မနက်မှာလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တချို့ကို NLD ရုံးချုပ်မှာ တွေ့ဆုံပြီး အားပေးစကားပြောခဲ့ပါတယ်။

XS
SM
MD
LG