သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂရုံးဖွင့်မည်


မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂရုံးဖွင့်မည်
မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂရုံးဖွင့်မည်

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခွဲတခု ဖွင့်တော့မယ်လို့ ပြောလိုက်ပါတယ်။ ရုံးခွဲဖွင့်ရေး ကိစ္စနဲ့ ပတ်သက်ပြီး EU နဲ့ မြန်မာအစိုးရကြားမှာ အချိန်အတော်ကြာကြာ ဆွေးနွေးနေခဲ့ကြပြီးတဲ့နောက် အခုလို သဘောတူ လိုက်ကြတာလည်း ဖြစ်ပါတယ်။ EU ရုံးခွဲဖွင့်တော့မယ်လို့ ပြောလိုက်တဲ့အချိန်ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ်မ် ဟိတ်ဂ် (William Hague) မြန်မာနိုင်ငံမှာ ရောက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီအခြေအနေအပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကိုပေးနေတဲ့ အကူအညီဆိုင်ရာ အစီအစဉ်တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာကို ပိုပြီးတိုးမြှင့် လုပ်ဆောင်ရေး တွန်းအားပေးဖို့အတွက် အခုလို ကိုယ်စားလှယ်ရုံးခွဲတခု ဖွင့်လှစ်ဖို့ စီစဉ်တာဖြစ်တယ်လို့ EU ဘက်က ပြောပါတယ်။ ဒီ ကိုယ်စားလှယ်ရုံးဟာ ကိုယ်စားလှယ်အဖွဲ့ကြီးတခုရဲ့ အဆင့်အတန်းလောက်ထိ ရှိမှာမဟုတ်ဘဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရုံးထိုင်တဲ့ EU သံအမတ်ကို အစီရင်ခံရမှာဖြစ်ပါတယ်။

EU ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်လ် မန်းန် (Michael Mann) က ရုံးခွဲဖွင့်မယ့်ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်တွေကို မပြောဘဲ ရုံးဖွင့်မယ့် သဘော တူညီချက် ရထားပြီးပြီဆိုတာကိုပဲ ဗွီအိုအေကို အတည်ပြုပြောခဲ့ပါတယ်။

“ရန်ကုန်မြို့မှာ ကျနော်တို့ ရုံးခွဲဖွင့်မယ် ဆိုတာကို သဘောတူထားပြီးပါပြီ။ အဲဒါဟာ EU ရဲ့ ကိုယ်စားလှယ်အဖွဲ့ ရုံးထိုင်တဲ့ ရုံးမျိုးတော့မဟုတ်ပါဘူး။ အကူအညီပေး အစီအစဉ်တွေနဲ့ တခြားကိစ္စတွေကို စီမံခန့်ခွဲတဲ့ရုံးမျိုးလောက်ပါပဲ။ ဘယ်တော့ ဖွင့်မယ်ဆိုတာကတော့ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်နည်း အဆင့်ဆင့်တွေ ဘယ်လိုဖြစ်လာမယ်ဆိုတဲ့အပေါ် မူတည်ပါ လိမ့်မယ်။”

မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ဖြစ်လာခဲ့တဲ့ အခြေအနေတွေအပေါ် မြန်မာ့အရေး စိတ်ဝင်စား တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ဂရုတစိုက်စောင့်ကြည့်နေခဲ့ကြတာဖြစ်ပြီး EU နိုင်ငံတွေကတော့ ပိုပြီး အလေးထားခဲ့ကြတယ်လို့ ဆိုရမှာပါ။ EU ဟာ တဖွဲ့လုံးအနေနဲ့ နှစ်စဉ်ဧပြီလမှာ လုပ်တဲ့ မူဝါဒရေးရာသုံးသပ်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ချမှတ်ပြီး အဖွဲ့ဝင်နိုင်ငံတွေက အဲဒီဘုံမူဝါဒအတိုင်း လိုက်နာကျင့်သုံးကြတယ်ဆိုပေမဲ့ အဖွဲ့ဝင်တနိုင်ငံချင်းအလိုက်၊ EU ရဲ့ မူဝါဒ တွေကို အကောင်အထည်ဖော် လုပ်ဆောင်ရတဲ့ အဖွဲ့အစည်းတခုချင်းအလိုက်မှာ ကွဲပြားခြားနားချက်တွေရှိနေပါတယ်။

EU ရဲ့ အဲဒီလိုအခြေအနေတွေပေါ်မှာ ထောက်ပြ ဝေဖန်လေ့ရှိတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (BCUK) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မာ့ခ် ဖားမနား (Mark Farmaner) က အဲဒီအချက်ကို ထောက်ပြပြီး စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“မြန်မာအစိုးရဟာ EU အဖွဲ့ကနေ ပိုပြီးတော့တောင်မှ အရောရောအထွေးထွေး သတင်းစကားတွေ ရနေပါပြီ။ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒနဲ့ပတ်သက်ပြီး ကွဲပြားချက်ရှိနေတယ်ဆိုတဲ့ ယျေဘုယျပြဿနာတခု EU မှာရှိနေပါတယ်။ တရားဝင် သဘောတူ ကြေညာထားတဲ့ မူဝါဒရှိနေချိန်မှာပဲ EU တာဝန်ရှိသူတွေက အဲဒီတရားဝင် သဘောတူညီချက်ထက် သူတို့သဘောနဲ့သူတို့ ပြောဆိုတာတွေ မကြာခဏရှိနေပါတယ်။”

EU ဘက်ကနေ အခုလိုရုံးဖွင့်မယ်ဆိုတဲ့ တရားဝင်ပြောဆိုချက် ထွက်လာတဲ့အချိန်ဟာ EU ရဲ့ အဓိက အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ်မ် ဟိတ်ဂ် မြန်မာနိုင်ငံ ရောက်နေချိန်လည်း ဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းတာလို နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဆက်ဆံရေးကို ဒီ့ထက်ပိုပြီး တိုးတက်စေချင်တယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေကို ဒီ့ထက်ပိုပြီး ရှေ့ရောက်အောင်လုပ်ရမယ်၊ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး ရမယ် စသည်အားဖြင့် ဝီလီယမ် ဟိတ်ဂ်က ခပ်ပြင်းပြင်း ပြောနေချိန်မှာ EU ဘက်က ရုံးခန်းဖွင့်တော့မယ်ဆိုတဲ့သတင်း ထွက်လာတဲ့အချိန် တိုက်ဆိုင်နေတာက စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ မာ့ခ် ဖားမနားကပြောပါတယ်။

EU ထဲမှာက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုကို ဒီအတိုင်း ဆက်ထားချင်သေးသူတွေရှိသလို ခပ်မြန်မြန် ရုပ်သိမ်းချင် နေသူတွေလည်း ရှိတာမှာ ဗြိတိန်အစိုးရက ဆက်ထားချင်သူ၊ ကက်သရင်း အက်ရ်ှတွန်လို ပုဂ္ဂိုလ်မျိုးတွေက စောစောရုပ်သိမ်း ချင်သူတွေဖြစ်တာမို့ အခုကိစ္စဟာ EU အဖွဲ့ထဲက နိုင်ငံရေးပယောဂတွေပါတယ်လို့ ဖားမနားကမြင်ပါတယ်။

အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ပြုပြင်ပြောင်းလဲတာတချို့ ဆက်တိုက်လို ဖြစ်ခဲ့ပြီးတဲ့နောက် တခါ ပြန်ပြီး တုန့်နှေးသလို ဖြစ်နေတဲ့အပေါ် နိုင်ငံတကာအသိုက်အဝန်းဘက်မှာ အားမလိုအားမရနဲ့ စိုးရိမ်ပူပန်တာတွေ စပြီး ဖြစ်လာနေချိန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားတာကို မာ့ခ် ဖားမနားတို့ရဲ့ Burma Campaign UK က ကြိုဆိုပါတယ်။

“ဒါကြောင့် ဝီလီယမ်မ် ဟိတ်ဂ် အခုသွားတာဟာ ပြောဆိုစရာတွေကို ပြောဆိုဖို့ အရေးကြီးတဲ့အချိန်ပါပဲ။ ဒဏ်ခတ် အရေးယူမှု ကို ရုပ်သိမ်းစေချင်တယ်ဆိုရင်၊ ခင်ဗျားတို့အစိုးရသစ်အပေါ် နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှုကို ရချင်တယ်ဆိုရင် တကယ် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရပါမယ်၊ ခုချိန်ထိ လုပ်ထားပြီးသား အပြောင်းအလဲ အသေးလေးတွေနဲ့တော့ မလုံလောက်သေးပါဘူး၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ လိုအပ်ပါတယ်၊ လူမျိုးစုတိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ရပါမယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆုံးသတ်ရပါမယ်၊ ပြီးတော့ ရေရှည်ခံမယ့် နိုင်ငံရေး အဖြေကိုရှာရပါလိမ့်မယ်ဆိုတာမျိုး ဝီလီယမ်မ် ဟိတ်ဂ်က ပြောနေတာပါ။”

မြန်မာအစိုးရဘက်ကသာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို လုပ်လာမယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းဘက်က အပြုသဘော တုံ့ပြန်မယ်ဆိုတဲ့ အပေါင်းလက္ခဏာဆောင် သတင်း စကားကိုလည်း ဝီလီယမ် ဟိတ်ဂ်က ပြောပါတယ်လို့ ဖားမနားကဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ပြီးတဲ့နောက်ပိုင်းမှာ တခြား နိုင်ငံ့ ခေါင်းဆောင်တွေ၊ ထိပ်တန်း တာဝန်ရှိသူတွေ မြန်မာနိုင်ငံဆီ ဆက်တိုက်လို သွားရောက်ခဲ့ကြပြီး အခု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဖြစ်လာတာပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတကာက အစိုးရ ထိပ်တန်းတာဝန်ရှိသူအများအပြား ပြောကြတာတွေက ထပ်တူ နီးပါးလို တူကြပေမဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ မြန်မြန်နဲ့သိသိသာသာဖြစ်လာရေးမှာ အဓိကရှိနေတဲ့ ပြဿနာတခုကတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းကနေ ဘုံတူညီတဲ့သဘောထား မပေးနိုင်တာပဲ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မာ့ခ် ဖားမနားက ပြောပါတယ်ခင်ဗျား။

XS
SM
MD
LG