သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားမှာ အကျဉ်းသားများလွှတ်မည်


မြောက်ကိုရီးယားမှာ အကျဉ်းသားများလွှတ်မည်
မြောက်ကိုရီးယားမှာ အကျဉ်းသားများလွှတ်မည်

မြောက်ကိုရီးယားရဲ့ ကွယ်လွန်သူ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကင်အီဆွန်းနဲ့ ကင်ဂျုံအီးလ်တို့ရဲ့ မွေးနေ့တွေ အထိမ်းအမှတ်အဖြစ်နဲ့ မကြာခင်မှာ ကြိုတင်မကြေညာထားတဲ့ အရေအတွက်နဲ့ အကျဉ်းကျသူတွေကို ပြန်လွှတ်ပေးဖို့ မြောက်ကိုရီးယားက ပြင်ဆင်နေပါတယ်။

အခုလွတ်ငြိမ်းချမ်းသာခွင့်ဟာ လာမယ့် ဖေဖော်ဝါရီလကစ အသက်ဝင်မှာဖြစ်ပြီးတော့ ဒါကို မြောက်ကိုရီးယားလွှတ်တော်မှာ ဥပဒေပြဌာန်းပြီး မကြာခင်မှာ ကြေညာမယ်လို့ မြောက်ကိုရီးယားအစိုးရ ဗဟိုသတင်းဌာနက မနေ့က အင်္ဂါနေ့က ပြောဆိုပါတယ်။ လာမယ့် ဖေဖော်ဝါရီလထဲမှာ ကင်ဂျုံအီးလ်ရဲ့ နှစ် ၇၀ ပြည့်မွေးနေ့ကျရောက်ပြီး လာမယ့် ဧပြီလထဲမှာ ကင်အီဆွန်းရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ ကျရောက်ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ နှစ်ပတ်လည်နေ့ထူးနေ့မြတ်တွေမှာ မကြာခဏ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာကို ထင်ထင်ရှားရှား တွေ့ကြရပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က ဂျပန်နိုင်ငံရဲ့ ကိုလိုနီအဖြစ်ကလွတ်မြောက်ခြင်း နှစ် ၆၀ ပြည့်အထိမ်းအမှတ်နဲ့ အထူးလွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပြီး အကျဉ်းသားများစွာကို လွှတ်ပေးခဲ့ပါတယ်။

မနေ့က အင်္ဂါနေ့မှာတော့ မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်းကို မြောက်ကိုရီးယားစစ်တပ်က သစ္စာရှိကြောင်း ပြသမှုအဖြစ် မြို့တော်ပြုံယမ်းမှာ စစ်ရေးပြပွဲကြီးတရပ် ခင်းကျင်းခဲ့ပါတယ်။ မြောက်ကိုရီးယားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အီယုံဟိုက ကျည်း၊ ရေ၊ လေ စစ်လက်ရုံး ၃ ခုလုံးက ခေါင်းဆောင် ကင်ဂျုံအွန်းကို သစ္စာရှိပါကြောင်း ဖွဲ့နွဲ့ရေးသားထားတဲ့ ကတိပြုလွှာကို ဒီစစ်ရေးပြအခမ်းအနားမှာ ဖတ်ကြားခဲ့ပါတယ်။

XS
SM
MD
LG