သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုဆန္ဒဖော်ထုတ်ဖို့ ဒေါ်စုတိုက်တွန်း


ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုဆန္ဒဖော်ထုတ်ဖို့ ဒေါ်စုတိုက်တွန်း
ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုဆန္ဒဖော်ထုတ်ဖို့ ဒေါ်စုတိုက်တွန်း

ပြည်သူ့အသံနဲ့ဆန္ဒကို ကိုယ်စားပြုတဲ့ရွေးကောက်ပွဲဖြစ်လာဖို့နဲ့ ပြည်သုူလူထု လိုချင်တဲ့အစိုးရတရပ် ပေါ်ပေါက်လာဖို့အတွက် အားလုံးပူးပေါင်းပါဝင်ကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်က ဗဟန်းမြို့နယ်ထဲ NLD ရုံးခန်းဖွင့်ပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောခဲ့တဲ့မိန့်ခွန်းထဲ အခုလိုပြောခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွင်း လစ်လပ်နေရာအားလုံးမှာ ယှဉ်ပြိုင်မယ့် NLD ပါတီဟာ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့ မနက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲက ဦးချစ်မောင်လမ်းမှာ NLD ရုံးခန်းတခု ဖွင့်လှစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာ့နိုင်ငံရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်တာ လုပ်သင့်လုပ်ထိုက်တာတွေကို အစိုးရကြားအောင် ပြည်သူလုူထုက ပြောရမယ့် အချိန်ဖြစ်တယ်လို့ ဒီရုံးခန်းဖွင့်ပွဲမှာ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထူကိုပြောခဲ့ပါတယ်၊ အထူးသဖြင့် ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုရဲ့ဆန္ဒနဲ့အသံ အစစ်အမှန်ဖော်ထုတ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းခဲ့ပါတယ်။

“နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီလမ်းကို သွားနိုင်ဖို့အတွက် ရွေးကောက်ပွဲလုပ်တယ်ဆိုတာ အဓိက ကတော့ ပြည်သူတွေရဲ့အသံကို ကျယ်ကျယ်နဲ့ရှင်းရှင်း ကြားနိုင်အောင်လို့ လုပ်တဲ့ကိစ္စပါ။ ကျမတို့နိုင်ငံမှာဆိုလို့ရှိရင် သန်း ၆၀ ရှိတယ်ပေါ့- သန်း ၆၀ စလုံးကတော့ ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့အနေအထားမှာ မရှိပါဘူး။ ဒါပေမယ့်လည်း ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့လူတွေက မိမိတို့ရဲ့လုပ်ပိုင်ခွင့်ကို သုံးစေချင်ပါတယ်။ မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့အစိုးရတခုဖြစ်အောင်လို့ လုပ်ရပါလိမ့်မယ်။ မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့ကိစ္စတွေကို ပြောင်းလဲဖို့ ကြိုးစားရပါလိမ့်မယ်။

မဲပေးလိုက်တယ်ဆိုတာဟာ ကိုယ့်ရဲ့ကိုယ်စားလှယ်ကို ကိုယ်လုပ်ချင်တဲ့ကိစ္စတွေလုပ်ပေး- ဆိုပြီး တာဝန်အပ်နှင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။ မဲရတဲ့သူဟာ နေရာရတာမဟုတ်ဘူး၊ အာဏာရတာ မဟုတ်ဘူး၊ တာဝန်တခု ရသွားတာလို့ စိတ်ထဲမှာထားရမှာ ဖြစ်ပါတယ် ”

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလတွင်း NLD ပါတီဟာ လူထုရဲ့ထောက်ခံမှုနဲ့ ရပ်တည်ခဲ့တာမို့ အခုရော နောင်ပါ လူထုက အားပေး ကူညီမှုတွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ NLD ဟာ လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက်သာ အလုပ်လုပ်ဖို့ မဟုတ်ဘဲ နိုင်ငံတဝန်းက ပြည်သူအားလုံးအတွက် အလုပ်လုပ်ဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသလို မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

“နိုင်ငံရေးပါတီတခုဆိုတာ ပြည်သူတွေရဲ့ထောက်ခံမှုမရှိဘဲနဲ့ ဆက်လက်ပြီးတည်တံ့ခိုင်မြဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျမတို့ဟာ ပြည်သူတွေရဲ့ထောက်ခံမှုကို အစဉ်အမြဲပဲ လိုလားတယ်။ အစဉ်အမြဲပဲတောင်းခံနေတာ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့အဓိက အင်အားဟာ ပြည်သူပဲဆိုတာ ကျမတို့က လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ပြည်သူတွေအနေနဲ့ အားမငယ်ပါနဲ့၊ တချို့တွေကဆိုရင် ပြောတာ ကျမတို့ကြားပါတယ်။ အရင်ကလည်း ဆင်းရဲတာပဲ၊ အခုလည်းဆင်းရဲတာပဲ၊ နောင်လည်းဆင်းရဲမှာပဲပေါ့နော်- ဒါကိုတော့ ကျမက လက်မခံပါဘူး။ အရင်က ဆင်းရဲတာတော့ ဟုတ်ပြီ။ ပြီးခဲ့ပြီ။ အခုလည်း ဆင်းရဲတယ်ဆိုတာဖြစ်နိုင်တယ်။ ဒါတွေကိုပြောင်းဖို့အတွက် ကျမတို့ နိုင်ငံရေးလုပ်နေတာပါ။ အဲဒီလိုလုပ်နေတဲ့အခါမှာ ပြည်သူတွေပါဖို့လိုပါတယ်။ ဒါကြောင့် ကျမတို့ပြည်သူတွေကို တတ်နိုင်သမျှပါဝင်ပြီးတော့ ကိုယ်လိုချင်တဲ့နိုင်ငံတခုဖြစ်အောင်လို့ ကူညီပေးကြပါလို့ ကျမတို့က မေတ္တာရပ်ခံချင်ပါတယ်”

ဒါကတော့ ဗဟန်းမြို့နယ် NLD ရုံးခန်းဖွင့်ပွဲအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းထဲတချို့ကို ကောက်နှုတ်တင်ပြပေးခဲ့တာပါရှင်။ ဒါ့အပြင် NLD ပါတီ သဘာပတိအဖွဲ့ရဲ့နာယက တဦးဖြစ်တဲ့ ဦးတင်ဦးကလည်း NLD ပါတီရဲ့ ရပ်တည်ချက် ကြားဖြတ်ရွေးကောက်ပွဲ နဲ့ NLD ပါတီအောင်နိုင်ရေးအတွက် အားပေးကြဖို့ိတွေကိုလည်း လူထုကိုပြောခဲ့ပါတယ်၊

2010 ရွေးကောက်ပွဲကို လက်မခံလို့ မှတ်ပုံတင်ဖို့ ငြင်းဆန်ခဲ့တဲ့NLD ပါတီဟာ အခုတော့ တရားဝင်နိုင်ငံရေးပါတီလည်း ဖြစ်ခဲ့ပြီဖြစ်သလို မကြာခင်လပိုင်းတွေအတွင်း ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း လစ်လပ်နေရာ ၄၈ နေရာအပြည့် ဝင်ပြိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် NLD တိုင်းနဲ့ပြည်နယ်တွေက ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း စာရင်းတွေ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ နောက်ဆုံးတင်ကြပြီ ဖြစ်ပြီး မနက်ဖြန် ၁၂ ရက်နေ့ကစလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စဉ်းစား ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တိုင်းနဲ့ပြည်နယ်တွေက တင်လာကြတဲ့ ကိုယ်စားလှယ်လောင်းတွေအပြင် ကိုယ်စားလှယ်လောင်း မလျှောက်ထားပေမယ့် လက်ရှိ NLD ပါတီဝင်ထဲက ဝင်ပြိုင်သင့်တယ်လို့ ထင်တဲ့သူတွေကိုလည်း ထည့်သွင်းစဉ်းစာဖို့ရှိမယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အတော်များများတော့ ရောက်နေပါပြီ။ ဒီနေ့အထိ ရောက်ရှိတဲ့စာရင်းတွေကို မနက်ဖြန်ကျရင် ကျနော်တို့အစည်းဝေးတင်ပါ့မယ်။ အရေအတွက်တွေက နည်းနည်းများတော့ ဘယ်မဲဆန္ဒနယ်မှာ ဘယ်သူရွေးမယ်ဆိုတာမျိုး သိသလောက်ကို ထုတ်ပေးနိုင်ဖို့ ကြိုးစားပါမယ်။ ဒါပေမယ့် ကျနော်တို့အဖွဲ့ကို လာရောက်ဝင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ကျနော်တို့ဝင်လာတဲ့အဖွဲ့ဝင်တွေထဲမှာ သင့်လျော်တဲ့သူကို ကျနော်တို့စဉ်းစားမယ်”

NLD ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရန်ကုန်တိုင်းတွင်း လစ်လပ်နေရာထဲက ကော့မှူးမြို့နယ်ကနေ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးတွေမှာ ဇန်နဝါရီ ၁၆ ရက်နဲ့ ၃၀ ရက်နေ့ နောက်ဆုံးတင်ကြရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG