သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သံတမန်ကြီးတွေ ဒေါ်စုနဲ့ တွေ့ဆုံ


အမေရိကန် သံတမန်ကြီးတွေ ဒေါ်စုနဲ့ တွေ့ဆုံ
အမေရိကန် သံတမန်ကြီးတွေ ဒေါ်စုနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Derek Mitchell နဲ့အတူ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca တို့ဟာဒီကနေ့ မနက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့ကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတချို့လည်း ထုတ်ပြန်ခဲ့သလို ရွေးကောက်ပွဲနဲ့ ကြိုတင်မဲအတွက် ဥပဒေဆိုင်ရာစာအုပ်တွေကိုလည်း ဖြန့်ချိဖို့ စီစဉ်နေပြီလို့ NLD ပါတီကပြောပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်ကြာသာပတေးနေ့ မနက်က ၁၁ နာရီက ရန်ကုန်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Derek Mitchell နဲ့အတူ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca တို့ ၂ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၁နာရီခွဲကျော်ကြာတွေဆုံပြီး မြန်မာ့အရေးဆွေးနွေးပါတယ်။ ဒီတွေဆုံမှုတွေအတွင်း ဘယ်လိုအကြောင်းအရာဆွေးနွေးကြတယ်ဆိုတာ ၂ ဦး ၂ ဘက် အခုချိန်ထိ ထုတ်ပြန် ပြောဆိုခြင်းမရှိသလို သတင်းထောက်တွေနဲ့ သတင်းစာရှင်းလင်းပွဲလည်း မလုပ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောပါတယ်။

“မနက်ပိုင်း၊ ဒေါ်စုအိမ်မှာပဲ။ ကျနော်တို့ CEC အဖွဲ့မပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲတွေ့တာ၊ ဆွေးနွေးတဲ့ဟာတော့ သိလိုက်ပါတယ်။ အချက်အလက်တော့မသိပါဘူး”

မြန်မာနိုင်ငံကို ဇန်နဝါရီ ၉ ရက်နေ့ကတည်းကရောက်နေတဲ့ အခုအမေရိကန် အရာရှိ ၂ ဦးဟာ နေပြည်တော်မှာ အစိုးရ အရာရှိတွေနဲ့လည်းေ တွဆုံခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူးအပြင် အထူး သံတမန်တဦးလည်းဖြစ်တဲ့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဟာ မြန်မာနိုင်ငံကိုအခုလာတာ ၄ ကြိမ်မြောက် ဖြစ်ပေမယ့် လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca ကတော့ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ အဓမ္မလုပ်အားပေးပြဿနာတွေ၊ လူကုန်ကူးမှု ပြဿနာတွေကို အစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာနဲ့ပတ်သက်လို့ မနေ့က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Luis CdeBaca ကပြောသွားပါတယ်။

ဒီသတင်းနဲ့ တဆက်တည်းပါပဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ဧပြီ ၁ ရက်မှာ ပြုလုပ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း စာရင်းတချို့ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ကော့မှူးကနေပြိုင်မယ်ဆိုတာအပြင် သုံးခွ၊ ဒဂုံမြို့သစ်၊ မင်္ဂလာတောင်ညွန့်နဲ့ လှည်းကူး၊ မရမ်းကုန်းနေရာတွေအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ ထုတ်ပြန်ခဲ့သလို ပဲခူးတိုင်းအတွင်းနဲ့ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းတွေထဲက လစ်လပ်နေရာတွေအတွက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း ၂၃ ဦးရဲ့ အမည်စာရင်းတွေကို ကြေညာခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပါတယ်။ သူကတော့ ကော့မှူးပေါ့။ ဒေါက်တာမေဝင်းမြင့်၊ သူက မရမ်းကုန်း၊ ဦးအောင်စိုးမြင့်-တောင်ငူ၊ မန္တလေးဆိုရင် မဟာအောင်မြေက ဦးအုန်းကြိုင်၊ မိတ္ထီလာက ဦးဝင်းထိန်။ နောက် ပဲခူး၊ သနပ်ပင်လည်းပါပြီ။ တနင်္လာနေ့မှာမှ ဆက်ဆွေးနွေးမယ်။ တချို့စဉ်းစားရတဲ့နေရာမှာ အချက်အလက်မစုံလို့ မဆုံးဖြတ်နိုင်တဲ့ အခက်အခဲတွေ ရှိတယ်။ ဒါကြောင့်အခု တဝက်လောက်ကျန်သေးတာပေါ့။ အဲဒီဟာတွေပေါ်မူတည်ပြီး လာမယ့်တနင်္လာနေ့မှာ ဆုံးဖြတ်ပေးမှာပေါ့”

ကျန်တဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို တနင်္လာနေ့မှာ ထပ်မံဆုံးဖြတ်ပြီးရင် ဇန်နဝါရီ ၁၆ ရက်နောက်ပိုင်း ကော်မရှင်ရုံးတွေကို စာရင်းပေးပို့မှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူဝင်ပြိုင်မယ့် ကော့မှူးအပါအဝင် တခြားမြို့နယ်တွေကို စည်းရုံးရေးခရီးစဉ်တွေ စတော့မယ်လို့လည်း NLD ပါတီကပြောပါတယ်။

တခါ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေမှာ မသမာမှုတွေ အများကြီးရှိခဲ့တယ် ဆိုတဲ့ ထောက်ပြချက် ကန့်ကွက်တိုင်ကြားချက်တွေ အများကြီးရှိခဲပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲ အတွက်တော့ NLD ပါတီက ရွေးကောက်ပွဲနဲ့ ကြိုတင်မဲတွေအတွက် အများပြည်သူသိသင့်သိထိုက်တဲ့ ဥပဒေဆိုင်ရာတွေကို ကြိုတင်အသိပေးဖို့ စာအုပ်ထုတ်မယ်လို့လည်း ဦးဉာဏ်ဝင်းကပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ စာအုပ်ငယ်လေးတွေ ပြုစုဖို့လည်း ကျနော်တို့ အစည်းအဝေးတွေထိုင်နေပါတယ်။ ကြိုတင်မဲ ကိစ္စကတော့ ဥပဒေမှာ ဘာပါတယ်၊ ဘယ်လိုလုပ်ရင်မှားတယ်၊ ဘယ်လိုလုပ်လို့ရှိရင် မှန်တယ်၊ ဒီလိုဟာတွေကို အဓိက တချက်ပြီးတချက် ဒီစာအုပ်ထဲမှာ ရှင်းသွားမှာပါ။ တိတိကျကျမဖြစ်ရင်လည်း ချက်ခြင်းအစီရင်ခံဖို့၊ ကန့်ကွက်ဖို့ဒါတွေ ကျနော်တို့ပြောမှာပါ။”

NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းပါရှင်၊ နိုင်ငံတဝန်း လစ်လပ်နေရာ ၄၈ နေရာစလုံးကို NLD ပါတီက ဝင်ပြိုင်မှာဖြစ်သလို ပြည်သူလူထုလိုချင်တဲ့ အစိုးရတရပ်ကို ကြားဖြတ်ရွေးကောက်ပွဲကနေ ဆန္ဒတွေ ဖော်ထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဗဟန်းမြို့နယ်ထဲ NLD ရုံးဖွင့်ပွဲမှာ လူထုကို တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG