သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး မရေရာမှုကြောင့် စားကုန်ဈေးခန့်မှန်းရခက်


ကမ္ဘာ့စီးပွားရေး မရေရာမှုကြောင့် စားကုန်ဈေးခန့်မှန်းရခက်
ကမ္ဘာ့စီးပွားရေး မရေရာမှုကြောင့် စားကုန်ဈေးခန့်မှန်းရခက်

ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စားသောက်ကုန် ဈေးနှုန်းတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ ၂.၄% ကျဆင်းသွားတဲ့အကြောင်း ဖော်ပြပါတယ်။

ဝယ်လိုအား ကျဆင်းမှုတွေနဲ့အတူ နှံစားသီးနှံ၊ သကြားနဲ့ စားသုံးဆီ ထုတ်လုပ်မှုတွေ တိုးတက်လာတဲ့အတွက် အခုလို ကျဆင်းရတာလို့လည်း ပြောခဲ့တာပါ။ ပျမ်းမျှ ကုန်ဈေးနှုန်း ပမာဏဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမြင့်ဆုံးတက်ခဲ့တဲ့ အချိန်နဲ့ယှဉ်ရင် ၁၁% အထိ ကျဆင်းသွားတာ ဖြစ်ပေမဲ့ ပုံမှန်ရှိသင့်တာထက်တော့ မြင့်မားနေဆဲပဲလို့လည်း FAO အစီရင်ခံစာက ဖော်ပြပါတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေ၊ စွမ်းအင်ဈေးနှုန်းတွေမှာ မရေရာမှုတွေကြောင့် ကုန်ဈေးနှုန်းတွေကို ခန့်မှန်းရတာဟာလည်း ပိုပြီး ခက်ခဲလာနေတယ်လို့ ပြောပါတယ်။

ကမ္ဘာတလွှားက အဓိကနိုင်ငံကြီးတွေမှာ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ဆက်လက် နှေးကွေးနေဦးမှာ ဖြစ်ပေမဲ့ အမေရိကန်၊ ဂျပန်နဲ့ရုရှားနိုင်ငံတွေမှာတော့ တိုးတက်တဲ့ လက္ခဏာတချို့ တွေ့မြင်နေရတယ်လို့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ စီးပွားရေး အစီရင်ခံစာတစောင်က ဖော်ပြလိုက်ပါတယ်။

ပြင်သစ်နိုင်ငံအခြေစိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (OECD) က ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး တရုတ်နိုင်ငံမှာ ဒီနှစ်ဆန်းပိုင်း ဖွံ့ဖြိုးမှုတွေ လျော့ကျခဲ့တာမို့ တိုးတက်မှုတွေ အားနည်းမယ့် လက္ခဏာတွေကို ညွှန်ပြနေတယ်လို့ ဖော်ပြခဲ့တာပါ။ ဥရောပမှာ စီးပွားရေး အင်အားအကောင်းဆုံး ဖြစ်တဲ့ ဂျာမဏီနိုင်ငံအပါအဝင် ယူရိုငွေကြေးသုံး ၁၇ နိုင်ငံမှာ စီးပွားရေး အခြေအနေတွေ ကျဆင်းနေတယ်လို့လည်း နိုင်ငံပေါင်း ၃၄ နိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင် ဖွဲ့စည်းထားတဲ့ OECD က ပြောပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာပေါ်က စီးပွားရေး အင်အားအကောင်းဆုံး ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုသာမက ရုရှားနဲ့ဂျပန်နိုင်ငံတွေမှာ အပေါင်းလက္ခဏာကို ဦးတည်စပြုလာနေတယ်လို့လည်း အစီရင်ခံစာသစ်က ဖော်ပြခဲ့တာပါ။

XS
SM
MD
LG