သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လွတ်ငြိမ်းချမ်းသာခွင့် အမေရိကန်စောင့်ကြည့်


မြန်မာ့လွတ်ငြိမ်းချမ်းသာခွင့် အမေရိကန်စောင့်ကြည့်
မြန်မာ့လွတ်ငြိမ်းချမ်းသာခွင့် အမေရိကန်စောင့်ကြည့်

မြန်မာအစိုးရက သောကြာနေ့မှာ အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ကြာသပတေးနေ့မှာ ကြေညာခဲ့တာမို့ မြန်မာအစိုးရ လွှတ်ပေးမယ့် ထဲမှာ နိုင်ငံရေး အကျဉ်းသား ပါမပါ စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၁၀၀၀ ကျော် ရှိနေတာမို့ သူတို့ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက် ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်အမတ် ဂျိုးဆက် ခရော်လီဟာလည်း မြန်မာနိုင်ငံမှာ ရောက်နေပြီး အမေရိကန် အထက်လွှတ်တော်က ရီပတ်ဘလစ်ကင် ပါတီခေါင်းဆောင် ဖြစ်တဲ့ အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နဲ ဟာလည်း ရှေ့သတင်းပတ်အစောပိုင်းမှာ မြန်မာနိုင်ငံကို လာမယ်လို့ ဇန်နဝါရီလ ၁၂ရက်နေ့က ကြေညာခဲ့ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကြာသပတေးနေ့ ညနေ ၆နာရီမှာ မြန်မာ့ ရုပ်မြင်သံကြားကနေ အကျဉ်းသား ၆၅၁ ယောက်ကို ဒီကနေ့ သောကြာနေ့မှာ လွှတ်ပေးမယ်လို့ ကြေညာခဲ့တာမို့ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါမယ် ဆိုတာကို စောင့်ကြည့်နေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရက VOA ကိုပြောပါတယ်။

“မြန်မာအစိုးရက ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အကျဉ်းသားတွေကို လွှတ်ပေးဖို့ ရှိတယ်ဆိုတဲ့ သတင်းကို အမေရိကန် နိုင်ငံခြားရေးဌာနက ကြားသိရပါတယ်။ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်မှာကို စောင့်နေပါတယ်။ အထူးသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမယ့် ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမပါကို သိချင်ပါတယ်။ မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသား တထောင်ကျော်ကို လွှတ်မပေးသေးတာ အတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်စိတ်ပူပါတယ်။ သူတို့အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်ပြီးလွှတ်ပေးဖို့ လည်း တောင်းဆို ပါတယ်”

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အမေရိကန်အစိုးရနဲ့တကွ နိုင်ငံတကာက တစိုက်မတ်မတ် တောင်းဆိုနေကြတာပါ။ အခု လွတ်ငြိမ်း ချမ်းသာခွင့်ဟာ မြန်မာအစိုးရသစ် လက်ထက်မှာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး အခုချိန်ထိ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေကြောင့် လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားက ၃၀၀ ကျော်ပဲ ရှိနေသေးတာပါ။

အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှှိနှိုင်းရေးမှူးဖြစ်တဲ့ အထူးကိုယ်စားလှယ် Derek Mitchell မြန်မာနိုင်ငံကို စတုတ္ထ အကြိမ်မြောက် သွားနေချိန်မှာ မြန်မာအစိုးရက အခုလို လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်လိုက်တာဖြစ်ပြီး မစ္စတာမစ်ချဲလ်ဟာ ကြာသပတေးနေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး နိုင်ငံရေး အကျဉ်းသားကိစ္စအပါအဝင် နောက်ဆုံး မြန်မာနိုင်ငံတွင်း ဖြစ်ထွန်းတိုးတက်မှုတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

“မစ္စတာ ဒဲရစ်မစ်ချဲလ် ဟာ ဇန်နဝါရီလ ၁၂ရက်နေ့မှာ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အပြင် လူမှု လူ့အဖွ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ မကြာသေးခင်က မြန်မာနိုင်ငံ ခရီးစဉ် အပါအဝင် အမေရိကန်နိုင်ငံက စိုးရိမ်နေတဲ့ အရေးကိစ္စတွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးသေးတာ၊ တိုင်းရင်းသားဒေသတွေမှာ ဆက်ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်”

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးပြီးလုပ်လာတဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ် အရေးယူဒဏ်ခတ်ထားဆဲဖြစ်ပြီး မြန်မာ အစိုးရရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်လာတဲ့ အပေါ်မူတည်ပြီး ဖြေလျော့ပေးဖို့ စဉ်းစားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေထဲမှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးကို အဓိကထားတဲ့ အချက်တခုအနေနဲ့ တောင်းဆိုခဲ့ပါတယ်။

အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဆက်ခရော်လီ (Joseph Crowley) ဟာလည်း မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး ရောက်ရှိနေပြီး ရန်ကုန်မှာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုကြောင်း ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မစ္စတာ ခရော်လီဟာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ ပထမဆုံး တွေ့ဆုံတဲ့ အမေရိကန် အောက်လွှတ်တော်အမတ်တဦးဖြစ်ပြီး အကျဉ်းကျ NLD အဖွဲ့ဝင်တွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ၊ သတင်းမီဒီယာ သမားတွေနဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေက နိုင်ငံရေး အကျဉ်းသားမိသားစုတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ ခရော်လီဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် အမေရိကန် အစိုးရက JADE ဥပဒေတရပ်ကို ပြဌာန်းပြီး မြန်မာ စစ်ခေါင်းဆောင်တွေကို အရေးယူ ဒဏ်ခတ်နိုင်ဖို့ အတွက် ကျိုးပမ်းခဲ့သူတဦး ဖြစ်တဲ့အပြင် မြန်မာ့အရေးကို တက်တက်ကြွကြွနဲ့ ဆောင်ရွက်တဲ့ အမေရိကန် အောက်လွှတ်တော် အမတ်တဦးဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော် ရီပတ်ဘလစ်ကင်ပါတီ ခေါင်းဆောင် မစ်ချ်မက်ကော်နဲလ်ဟာလည်း တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့ အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး အစိုးရပိုင်း တာဝန်ရှိသူတွေ နဲ့ရော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG