သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အမတ်တွေကို ဝေဖန်ပိုင်ခွင့်ရှိသင့်


မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးခွဲဖွင့်ပွဲ မြင်ကွင်း (ဇန်နဝါရီ ၁၇၊ ၂၀၁၂။)
မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးခွဲဖွင့်ပွဲ မြင်ကွင်း (ဇန်နဝါရီ ၁၇၊ ၂၀၁၂။)

လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံဖြစ်အောင် ထိန်းကျောင်းပေးဖို့က ပြည်သူတွေရဲ့တာဝန်ဖြစ်တယ်လို့ ဒီကနေ့ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ကိုယ်ကမဲပေးထားမှ ဒီကိုယ်စားလှယ်ကို ဝေဖန်ပိုင်ခွင့်ရှိမယ်လို့လည်း ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ဆက်ပြောပြပါမယ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လစ်လပ်နေတဲ့ထဲမှာ တနေရာပါဝင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပါတီရုံးခန်းကို ဒီကနေ့ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ လစ်လပ်နေရာ ၄၈ နေရာလုံးမှာ ပါဝင်အရွေးခံဖို့ ပြင်ဆင်နေတဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တာနဲ့ ပတ်သက်လို့ကို ဖွင့်ပွဲ မိန့်ခွန်းတွေမှာ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦးရော ဒေါ်အောင်ဆန်းစုကြည်ပါ အသားပေးပြောသွားကြပါတယ်။

သမိုင်းစာမျက်နှာသစ်ဖွင့်နေတဲ့ NLD က ပြည်သူအားလုံးရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စီးပွားရေး ကိစ္စတွေလုပ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပညာပိုင်း၊ အတွေ့အကြုံပိုင်း အနီးကပ်ကူညီနိုင်မယ့် အမျိုးသမီး၊ လူငယ် တိုင်းရင်းသားတွေကို အဓိကထား ရွေးချယ်နေတာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ရုန်းကန်နေကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို နည်းအောင်လုပ်နိုင်မဲ့ သူကို ရွေးမယ်လို့ ခုလို ပြောပါတယ်။

“ကျမတို့ရဲ့ပြည်သူအများစုဟာ ဆင်းရဲတဲ့အမှုနဲ့ ရုန်းကန်နေရတယ်ဆိုတာကို ကျမတို့ နားလည်ပါတယ်။ ဒီလိုရုန်းကန်နေတဲ့နေရာမှာ ပြည်သူတွေရဲ့ စိတ်ဆန္ဒတွေကို နားလည်စာနာပြီးတော့ ပြည်သူတွေရဲ့ဒုက္ခတွေကို တတ်နိုင်သလောက် ကျဆင်းသွားအောင်လို့ လုပ်ပေးနိုင်မယ့် ကိုယ်စားလှယ်တွေ ကျမတို့ရွေးမှာပါ”

ရွေးကောက်ပွဲအတွက် မင်္ဂလာတောင်ညွန့်မြို့နယ်က အရွေးခံဖို့အတွက် HIV AIDS ဝေဒနာရှင်တွေကို ဦးဆောင် ပြုစုစောင့်ရှောက်ပေးနေတဲ့ NLD ပါတီဝင် မဖြူဖြူသင်းကို ဘာကြောင့် ရွေးရသလဲ ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံဖြစ်လာအောင်က ပြည်သူတွေမှာပဲ တာဝန်ရှိတယ်ဆိုတာကိုလဲ သူက မိန့်ခွန်းထဲမှာ အဓိက ပြောပြခဲ့ပါတယ်။

“ကိုယ်ဖြစ်စေချင်တဲ့ကိုယ်စားလှယ်မျိုးဖြစ်အောင် ပြည်သူတွေကလည်း ဝိုင်းပြီးတော့လုပ်ပေးရမယ်။ ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်လို့ ပြည်သူတွေကလည်း ဝိုင်းပြီးတော့ ထိန်းသွားရမယ်။ ဒါ- ဒီမိုကရေစီရဲ့ အရေးအကြီးဆုံးအချက်တခုပဲ။ ဘာဖြစ်လို့ ကျမတို့ ဒီမိုကရေစီ၊ ဒီမိုကရေစီလို့ ပြောနေသလဲ- ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးတော့ ကိုယ့်ကံကြမ္မာ၊ ကိုယ့်တိုင်းပြည်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ဖို့ဟာ ပြည်သူတွေရဲ့လက်ထဲမှာပဲ ရှိနေတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့က ဒီမိုကရေစီစနစ်ကို လိုလားတာပါ”

မဲဆန္ဒပေးတယ်ဆိုတာဟာ ပြည်သူတွေရဲ့ တာဝန်တခု ဖြစ်တာမို့ မဲစာရင်းထဲမှာ ကိုယ့်နာမည် ပါ မပါ သိအောင်လုပ်ဖို့ အရေးကြီးပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူတိုင်းမှာ မဲပေးပိုင်ခွင့်ရှိတာမှန်ပေမယ့် မဲပေးနိုင်အောင် ကိုယ်တိုင်လုပ်စရာတွေ လိုတဲ့အတွက် ဒီကိစ္စတွေကို NLD က အသိပညာပေးတာတွေ လုပ်ဖို့လည်း ရှိပါတယ်လို့ ဆိုပါတယ်။ ပြည်သူတွေဘာကြောင့် မဲပေးသင့်တယ်ဆိုတာနဲ့ ပတ်သက်လို့လည်း-

“ကိုယ်မဲထည့်ပေးလိုက်တဲ့ကိုယ်စားလှယ်က သူ့တာဝန် ကျေပွန်လား၊ မကျေပွန်လားဆိုတာကို ကိုယ်ကနေစပြီးတော့ ဝေဖန်ပိုင်ခွင့်ရှိသွားတယ်။ ကိုယ်ကလည်း မဲမထည့်ဘူး၊ ဂရုမစိုက်ဘူး၊ ငါနဲ့မဆိုင်ဘူး-ဒီရွေးကောက်ပွဲဆိုပြီးတော့- နောက်တော့မှ ဒီကိုယ်စားလှယ်ဘာမှမလုပ်ဘူးလို့ ပြောလို့ရှိရင်တော့ ဒါဟာ တာဝန်မဲ့တဲ့စိတ်ထားမျိုးဖြစ်ရာကျတယ်”

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံး ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြောကြားသွားတာဖြစ်ပါတယ်။ ဒီရုံးဟာ ပြည်ထောင်စု ရွေးကောက်ပွဲမှာ ပြန်လည် မှတ်ပုံတင်ခဲ့ပြီးနောက် NLD ပါတီက ရန်ကုန်မှာ ဒုတိယမြောက် ဖွင့်တဲ့ ရုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဗဟန်းမြို့နယ် စည်းရုံးရေး ကော်မတီရုံးကို ဖွင့်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG