သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ စာရင်းထုတ်ပြန်


NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ စာရင်းထုတ်ပြန်
NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ စာရင်းထုတ်ပြန်

ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဒီကနေ့ ထပ်မံထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် မနြက်ဖန် ဇန်နဝါရီ ၁၈ ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်ဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ရန်ကုန် တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ကိုယ်တိုင်သွားတင်မှာလည်း ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီကနေ အခုလို ပြင်ဆင်နေတာတွေအပါဝင် တခြားနိုင်ငံရေး ပါတီတွေကရော ဘယ်နေရာတွေမှာ ဝင်ပြိုင်ဖို့ စီစဉ်နေကြသလဲဆိုတာကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံတဝှမ်း လစ်လပ်နေတဲ့ ၄၈ နေရာအတွက် နေရာအပြည့် ဝင်ပြိုင်မယ့် NLD ပါတီဟာ ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ နောက်ထပ် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ ထပ်မံထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ်အတွက် NLD ကိုယ်စားလှယ်လောင်း ၃ ဦး၊ စစ်ကိုင်းတိုင်းအတွက် ၅ ဦး၊ တနင်္သာရီတိုင်း လစ်လပ်နေရာအတွက် ၂ ဦးအပြင် မကွေးတိုင်းအတွက် ၆ ဦး နဲ့ မန္တလေးတိုင်းအတွက် နောက်ထပ် ၄ ဦးတို့ရဲ့ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ အပြင် ဧရာဝတီတိုင်းအတွက် ၃ ဦးရဲ့စာရင်းတွေထွက်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ ရန်ကုန်တိုင်းအပါအဝင် တခြား ပြည်နယ်နဲ့တိုင်းတွေအတွက် ၂၂ ဦး ထုတ်ပြန်ခဲ့ပြီးပြီမို့ NLD အတွက် နောက်ထပ် ၄ နေရာသာ ထုတ်ပြန်ဖို့ ကျန်ပါတော့တယ်။

ဒီလို ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီက ပြင်ဆင်နေမှုတွေထဲမှာ မနက်ဖြန် ဇန်နဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သူဝင်ပြိုင်မယ့် ကော့မှူးမဲဆန္ဒနယ်အတွက် ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ကိုယ်တိုင်သွားတင်မယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကိုယ်စားလှယ်လောင်းစာရင်းက မနက်ဖြန်တော့ ဒေါ်စုက တောင်ပိုင်းခရိုင်မှာ တင်မယ်လေ၊ ကော့မှူးမြို့နယ်အတွက်၊ ဆက်တိုက်ပဲ လုပ်နေပါတယ်။ အချက်လေးတွေသိဖို့လိုနေလို့ တချို့ဟာလေးတွေ နည်းနည်း ကြန့်ကြာနေတာပါ၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်ဝင်ရွေးမယ့် ပုဂ္ဂိုလ်တွေအားလုံးနဲ့ ဆုံတွေ့ဖို့ လုပ်ရအုံးမယ်။ ဆုံတွေ့မှ NLD ရဲ့မူဝါဒ သဘောထားတွေ ရှင်းရှင်း လင်းလင်းပြောကြားမယ်။ အဲဒီလို အစီအစဉ်တော့ ရှိပါတယ်။ ရက်တွေ ဘာတွေတော့ မသတ်မှတ်ရသေးပါဘူး”

မကြာခင် ရက်သတ္တပတ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ပြိုင်မယ့်ကော့မှူးအပါအဝင် တခြား မြို့နယ်တွေကို ရွေးကောက်ပွဲအတွက် စည်းရုံးရေးတွေ စနိုင်ဖို့ စီစဉ်နေပြီလို့လည်း ပြောပါတယ်။ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အများပြည်သူ သိသင့်တဲ့ ကြိုတင်မဲကိစ္စနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ဥပေဒကြောင်းဆိုင်ရာအချက်အလက်တွေနဲ့ စာအုပ်ငယ်ဖြန့်ချီဖို့ကိုလည်း NLD က ပြင်ဆင်ထားတယ်လို့လည်း ဦးဉာဏ်ဝင်းကပြောပါတယ်။

NLD ပါတီလိုပဲ တခြားနိုင်ငံရေးပါတီတွေလည်း ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကလည်း မနက်ဖန်ဆိုရင် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်တော့မယ်လို့ NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။

“နေရာတွေကတော့ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ ကချင်ပြည်နယ်တွေပေါ့၊ ဧရာဝတီတိုင်းလည်းပါပါတယ်။ အစကတော့ ခန့်မှန်းခြေ ကတော့ နေရာ ၂၀ လောက်ကို ခန့်မှန်းသော်လည်းပဲ တကယ်တန်းကျတော့ လက်တွေ့မှာ မရနိုင်တော့ဘူးဗျ၊ အခြေအနေတွေ ပြောင်းကုန်တော့ ကျနော်တို့ ၁၄ နေရာလောက်တော့ ကျန်မယ်လို့ ယူဆရပါတယ်။ မနက်ဖြန်လောက်ကျမှ နယ်က အကုန် အပြည့်အစုံ ရောက်လာမယ်ဆိုတော့ မနက်ဖြန်မှပဲ အတိအကျစာရင်းကို ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်”

NDF ပါတီက ဦးခင်မောင်ဆွေပါ။ NDF ပါတီအပြင် ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီ အပြင် တခြား တိုင်းရင်းသားပါတီတွေလည်း ဝင်ကြဖို့ ရှိပါတယ်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကတော့ မင်္ဂလာတောင်ညွန့်တနေရာကပဲ ဦးသုဝေ တယောက်ပဲ ဝင်ပြိုင်ဖြစ်မယ်လို့ ပြောပါတယ်။

“သာမန်စည်းရုံးရေး စလုပ်တာကတော့ ကျနော်တို့ ၁၀ ပါတီက ဆုံးဖြတ်ထားတာက ပြီးခဲ့တဲ့ ၄ လ ကတည်းကနေ ကြားဖြတ် ရွေးကောက်ပွဲဆိုတာ လာမှာပဲ။ အဲဒီတော့ ဘယ်သူတွေယှဉ်ပြိုင်ကြမလဲ ဆိုပြီးတော့ ကျနော်က အဲဒီ ကတည်းက ၁၀ ပါတီအနေနဲ့ မင်္ဂလာတောင်ညွန့်မှာ ဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်ပေါ့နော်၊ ဆုံးဖြတ်လိုက်ကတည်းကိုက မင်္ဂလာတောင်ညွန့်မှာ ရွေးကောက်ပွဲ အနိုင်ရရှိရေးကော်မတီဆိုတာလေး ဖွဲ့လိုက်တယ်။ သာမန်လုပ်နေကျ စည်းရုံးရေးတွေ လုပ်ပါတယ်”

ဒီမိုကရက်တစ်ပါတီ(မြန်မာ)အဖွဲ့က ဦးသုဝေပါရှင်။ မြန်မာနိုင်ငံမှာ ကောင်းမွန်ပြီး လမ်းမှန်ကို ဦးတည်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာက ကြိုဆိုလိုက်တာနဲ့ တပြိုင်တည်း ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့အတွက်ကိုလည်း တိုက်တွန်းထားကြပါတယ်။ ပြည်သူ့လွှတ်တော်အတွက် လစ်လပ်နေရာ ၄ဝ အမျိုးသားလွှတ်တော်အတွက် ၆ နေရာနဲ့အတူ တိုင်းဒေသကြီးအတွက် ၂ နေရာ တွေအတွက် လာမယ့် ဧပြီလ ၁ ရက်နေ့ကျရင်ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG