သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့မြန်မာအဖွဲ့ ရွှေလီမှာ ဆွေးနွေးပွဲစတင်


KIO နဲ့မြန်မာအဖွဲ့ ရွှေလီမှာ ဆွေးနွေးပွဲစတင်
KIO နဲ့မြန်မာအဖွဲ့ ရွှေလီမှာ ဆွေးနွေးပွဲစတင်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေ့ခင်းကစပြီး တရုတ်နိုင်ငံရွှေလီမြို့မှာ စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ KIO ကိုယ်စားလှယ်ခေါင်းဆောင်က အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဆီကို စာတစောင်ရေးသားတင်ပြထားပြီး ဒီစာမှာတော့ ဒီလိုဆွေးနွေးပွဲဖြစ်မြောက်အောင် နိုင်ငံတော်သမ္မတရုံးက စီစဉ်တာကို ကြိုဆိုကြောင်းနဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အပေါ် အခြေခံပြီး ဆွေးနွေးဖို့ လိုလားကြောင်း ဖော်ပြထားပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ တွေ့ဆုံတဲ့ဆွေးနွေးပွဲဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရကိုယ်စားလှယ်အကြားမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် ပထမဆုံးတွေ့ဆုံတဲ့ နိုင်ငံရေးဆွေးနွေးပွဲလို့ ပြောရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက စတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တွေအကြားမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် နှစ်ဘက်ကိုယ်စားလှယ်တွေဟာ အနည်းဆုံး ၅ ကြိမ်တွေ့ဆုံခဲ့ပေမဲ့ အစိုးရဘက်က အပစ်အခတ်ရပ်စဲရေးကို အလေးထားပြီး KIO ဘက်က နိုင်ငံရေးဆွေးနွေးဖို့ကို အလေးထားတာကြောင့် သဘောတူညီချက်မရခဲ့ပါဘူး။

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလကုန်က တရုတ်နိုင်ငံမှာ နောက်ဆုံးအကြိမ် ဆွေးနွေးပြီးတဲ့နောက်မှာ မြန်မာအစိုးရဘက်က KIO က တောင်းဆိုတဲ့အတိုင်း နိုင်ငံရေးဆွေးနွေးဖို့ လက်ခံခဲ့ပြီး ဒီကနေ့မှာတော့ နိုင်ငံရေးအရ ဆွေးနွေးပွဲ စတင်တာဖြစ်ပါတယ်။ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲစတင်ကြောင်းကို KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဂွမ်မော်က အတည်ပြုပါတယ်။

“၁ နာရီနဲ့ ၁၅ မိနစ်ကနေစတာ။ မပြီးသေးဘူး အစည်းအဝေး အခုမှ လုပ်နေကြတုန်းပါ။ တွေ့တာကတော့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ကြတာပါ”

ဒီနေ့ စတင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ မနက်ဖြန်လောက်မှ ပြီးပြတ်နိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီဆွေးနွေးပွဲကို KIOကိုယ်စားလှယ်အဖွဲ့ကို KIO အမြဲတမ်းဗဟိုကော်မတီဝင်နဲ့ ပညာရေးဌာန တာဝန်ခံ ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ပြီး ဆွေးနွေးရေးအဖွဲ့နဲ့ ရုံးအဖွဲ့၊ မှတ်တမ်းအဖွဲ့အပါအဝင် ၁၇ ယောက် သွားရောက်တာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်အဖွဲ့ကိုတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းဦးဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည် နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် လဇွန်ငန်ဆိုင်းတို့ ပါဝင်တက်ရောက်ကြပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ KIO ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ဦးအောင်သောင်းဆီကို တင်ပြတဲ့ စာတစောင်ပေးပို့ခဲ့ပြီး ဒီစာပါအချက်တွေကိုတော့ ဗိုလ်မှုးချုပ်ဂွမ်မော်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ အဖွဲ့ခေါင်းဆောင်ကနေပြီးတော့ ဦးအောင်သောင်းကို တင်ပြတဲ့စာထဲမှာကတော့ကျနော်တို့ အခုလိုပဲ နိုင်ငံရေးအရ ဆွေးနွေးဖို့အတွက် သမ္မတရုံးကနေစီစဉ်ပေးတာကို ကြိုဆိုတယ်။ နောက် ကျနော်တို့က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ဟာကို အလေးအနက်ထားတယ်။ ကျနော်တို့လိုလားချက်တွေကတော့ ကချင်တိုင်းရင်းသားများဟာ တန်းတူရေးမူလရပိုင်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်များအပေါ်မှာ အလေးအနက် ထားပြီးတော့ ဆွေးနွေးဖို့ လိုလားပါတယ်ဆိုပြီး အဓိက ဒီအချက်တွေပဲ ပြန်ပြီး တင်ထားတာဖြစ်ပါတယ်”

ဦးအောင်သောင်းကို လိပ်မူပြီးပေးပို့တဲ့ဒီစာမှာ အစိုးရတပ်ဘက် စစ်အင်အား အများအပြား အသုံးပြုနေတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ နေ့စဉ်ဖြစ်ပွားနေကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်း မှာ ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းဖို့အတွက် နိုင်ငံတော်သမ္မတက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားထားတာဖြစ်ပါတယ်။ ဒီလိုညွှန်ကြားပြီးတဲ့နောက်မှာ KIAနဲ့ အစိုးရတပ်တွေအကြား နေ့စဉ်ဆိုသလို တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဒေသခံ ပြည်သူ ၆ဝ,ဝဝဝ လောက်ဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော်စတဲ့ မြို့တွေနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသဘက်ကို ထွက်ပြေးခိုလှုံနေရပါတယ်။

လောလောဆယ်မှာတော့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ကရင်၊ ချင်း ၊ ရှမ်း စတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူလက်မှတ်ရေးထိုးထားပြီး အရင် အပစ်အခတ် ရပ်စဲထားတဲ့ ဝ၊ မိုင်းလားအဖွဲ့တွေနဲ့လည်း အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းပြီး ဒေသဖွံဖြိုးရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပြီဖြစ်ပါတယ်။

KIO ကတော့ ၁၉၉၄ကစပြီး ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ပေမဲ့ နိုင်ငံရေးပြဿနာတွေ မဖြေရှင်းနိုင်ခဲ့ တာကြောင့် နိုင်ငံရေးဆွေးနွေးဖို့ကို အလေးထား တောင်းဆိုရတာဖြစ်တယ်လို့ သဘောထား ထုတ်ပြန် ထားပါတယ်။

XS
SM
MD
LG