သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်


ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ရုံးရှိရာ သံလျင်မြို့နယ်သို့ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရန်သွားသောခရီးစဉ်မြင်ကွင်း။ (ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၂။)
ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ရုံးရှိရာ သံလျင်မြို့နယ်သို့ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရန်သွားသောခရီးစဉ်မြင်ကွင်း။ (ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၂။)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ သူယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သံလျင်မှာရှိတဲ့ တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှာ ဒီကနေ့မနက်က ကိုယ်တိုင်သွားတင်ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD က ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲက နောက်ဆုံး ကျန်နေသေးတဲ့ အမည်စာရင်းတွေကိုလည်း ဒီကနေ့ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကြောင်းအရာအပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် ဗုဒ္ဓဟူးနေ့ မနက်က ၁ဝ နာရီခွဲလောက်က သံလျင်မြို့နယ်မှာ ရှိတဲ့ တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ကိုယ်တိုင် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သွားတင်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားလွာကို ကော်မရှင်က စိစစ်ပြီးပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးအပါအဝင် တခြားမြို့နယ်တွေကို ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွေ စတော့မယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။

“ကော့မှူးမြို့နယ်အပါအဝင်ဖြစ်သော ရန်ကုန်တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်ရုံးတည်ရှိရာ သံလျင်မြို့ကို သွားပါတယ်။ သံလျင်ကိုသွားရာမှာ သူ့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်များဖြစ်တဲ့ ဆရာဦးဉာဏ်ဝင်းတို့၊ ဦးသိန်းဦးတို့လည်း တပါတည်း ပါသွားပါတယ်။ အဲဒီမှာ အသစ်ပြင်ဆင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားလွှာကို ကော်မရှင်ကို တင်ပြခဲ့ပါတယ်။ ကော်မရှင်ကလည်း ဒါကိုစိစစ်ပြီးတော့ ရက်တရက်မှာ တွေ့ဆုံမေးမြန်းဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒါ ဘယ်ရက်လဲတော့ ကျနော်တို့ မသိသေးပါဘူး”

တောင်ပိုင်းခရိုင်ကော်မရှင်ရုံးရှိရာ သံလျင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံလူထုအများအပြားကြိုဆိုနှုတ်ဆက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မဖွံဖြိုးသေးတဲ့ နေရာ၊ ဆင်းရဲနွမ်းပါးသူတွေရဲ့နေရာကို ကိုယ်စားပြုကာ ဝင်ချင်တဲ့အတွက် ရန်ကုန်တိုင်းတွင်း လစ်လပ်နေရာတွေထဲက ကော့မှူးမြို့နယ်ကနေ ဝင်ပြိုင်ဖို့ စီစဉ်ခဲ့တာဖြစ်သလို နိုင်ငံမှာ ငြိမ်းချမ်းသာယာပြီး ဖွံဖြိုးတိုးတက်ဖို့အတွက် ရွေးချယ်ခံရာနေရာတခုထဲအတွက်မဟုတ်ဘဲ နိုင်ငံတခုလုံးအတွက် ကိုယ်စားပြုကြိုးစားသွားမှာ ဖြစ်သလို ကိုယ်စားလှယ်လောင်း အားလုံးလည်း ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

NLD ပါတီဟာ ဇန်နဝါရီလ ၄ ရက်နေ့နဲ့ မနေ့က ဇန်နဝါရီလ ၁၇ ရက်နေ့တွေက ကိုယ်စားလှယ်လောင်းအမည်စာရင်း ၄၄ ဦးထုတ်ပြန်ခဲ့ပြီး ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ နောက်ဆုံး ကျန်တဲ့ ၄ ဦးအမည်စာရင်းထုတ်ပြန်ပါတယ်။

“အားလုံး မန္တလေးတိုင်းကချည့်ပါပဲ။ ဒေါ်စန္ဒာမင်း၊ ဒေါ်စန္ဒာမင်းက ဇမ္ဗူသီရိမြို့နယ်က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဦးထွန်းဇေယျာသော် (ခေါ်) ဇေယျာသော်- သူကတော့ ပုဗ္ဗသီရိမြို့နယ်အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ပြီးတော့ ပြိုင်မှာဖြစ်ပါတယ်။ နောက်- ဦးနိုင်ငံလင်းကတော့ ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။ နောက်တယောက်က ဦးမင်းသူက ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်”

အခုကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဇန်နဝါရီ လ ၃၁ ရက်နေ့နောက်ဆုံး သက်ဆိုင်ရာ မြို့နယ်တွေရဲ့ကော်မရှင်ရုံးတွေကို စာရင်းတင်ကြရမှာဖြစ်ပြီး ကော်မရှင်ကခွင့်ပြုချက်ကျရင် စည်းရုံးရေးတွေလည်း စနိုင်ပြီ ဖြစ်ပါတယ်။

“ကျနော်တို့ပါတီက ပါတီစည်းရုံးရေးလုပ်ငန်းတွေလည်း လုပ်နေပါတယ်။ ပါတီစည်းရုံးရေးလုပ်ငန်းတွေကတော့ ပါတီဝင်သစ်တွေ ဝင်နိုင်ဖို့ကတော့ ကျနော်တို့ လျှောက်လွှာဖြန့်ဖြူးပေးတာတို့၊ မြို့နယ်အလိုက် လျှောက်လွှာလက်ခံဖို့အတွက် စည်းရုံးရေးတာဝန်တွေ ပေးတာတို့ စသည်ဖြင့် အဲဒီလုပ်ငန်းတွေ လုပ်နေပါတယ်။ ပါတီဝင်လျှောက်လွှာကလည်း ၂ သိန်းခွဲလောက် ကုန်သွားပါပြီ။ ၂ သိန်းခွဲလောက် ထပ်ပြီးတော့ မှာနေဆဲရှိပါတယ်ခင်ဗျ”

ပြည်တွင်းသာမက ပြည်ပကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း NLD ပါတီဝင်အဖြစ်လျှောက်နိုင်ဖို့ NLD ပါတီရဲ့ အင်တာနက် စာမျက်နှာကလည်း စီစဉ်ထားတယ်လို့လည်း ဦးအုန်းကြိုင်ကပြောပါတယ်။ အခုရွေးကောက်ခံကြမယ့် NLD ကိုယ်စားလှယ်လောင်းအားလုံး တွေ့ဆုံကာ ပါတီမူဝါဒနဲ့ ရည်ရွယ်ချက်ဆိုင်ရာတွေဆွေးနွေးဖို့ ရှိသလို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ဆိုင်တဲ့စာအုပ်တွေလည်း မကြာခင် ဖြန်ချီမယ်လို့ NLD ပါတီက ပြောပါတယ်။ အခုကြားဖြတ်ရွေးကော်ပွဲမှာ ပြည်သူ့လွှတ်တော် လစ်လပ်နေရာ ၄ဝ အမျိုးသားလွှတ်တော်အတွက် ၆ နေရာနဲ့အတူ တိုင်းဒေသကြီးအတွက် ၂ နေရာ အတွက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပြီး မန္တလေးတိုင်းက လစ်လပ်နေရာအများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG