ကမ္ဘာတဝှမ်း အားပျော့နေတဲ့စီးပွားရေးကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိတ်ပူပင်နေကြတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့လက ၂ လဆက်တိုက်ဆိုသလို ကျဆင်းလာတာ တွေ့ရပါတယ်။
ပြည်ပက ရင်းနှီးမြှုပ်နှံမှုဟာ အရင်နှစ် ဒီဇင်ဘာလကထက်စာရင် ၁၃ % နီးပါး ကျဆင်းလာခဲ့တာပါ။ အခုလို တရုတ်နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းရတာဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပစီးပွားရေးအားပျော့လာတာကြောင့်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ရှဲန်၊ ဒဲန်ယန်း (Shen Danyang) က ပြောဆိုလိုက်ပါတယ်။
၂၀၁၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကနေန တရုတ်ပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံမှုဟာ ၂၆ % ကျဆင်းခဲ့ပြီး ဥရောပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၄ % နီးပါး ကျဆင်းခဲ့လို့ပါပဲ။ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေပေမယ့်လို့လည်း တရုတ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအားလုံး ခြုံကြည့်ရင်တော့ ဆယ်ပုံတပုံခန့် တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၆,၀၀၀ အထိ စံချိန်တင်နိုင်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ ဒီနှစ်မှာတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ ဘဏ္ဍာရေးဈေးကွက်အနေအထားကို ယုံကြည်မှု ပြန်ရှိလာကြပြီး ပိုမိုရင်းနှီးမြှုပ်နှံလာကြလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်နေပါတယ်။ ရင်းနှီးမြှုပ်နှံ နိုင်သူအသစ်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကန့်သတ်ချက်တွေလျှော့ပေးမယ်လို့ အရင်လက တရုတ်အစိုးရက ကြေညာထားပါတယ်။ လာမယ့် ၄ နှစ်အတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏကို နှစ်စဉ် ပျှမ်းမျှ အမေရိကန်ဒေါ်လာသန်းပေါင်း ၁ သိန်း၊ ၂ သောင်းအထိ ဆွဲဆောင်ဖို့ တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မျှော်မှန်းထားတယ်လို့ ပြောပါတယ်။