သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ မြန်မာအစိုးရကမ်းလှမ်း


၁၉၈၈ ခုနှစ်နောက်ပိုင်း ထွက်လာတဲ့ နယ်စပ်အခြေစိုက် ဒီမိုကရေစီ အင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ အစိုးရဘက်က ပထမဆုံးအကြိမ် တရားဝင် ကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လိုက်လုပ်လာတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က နယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစုတွေကို ကြိုတင် သတ်မှတ်ချက်တွေမထားဘဲ နိုင်ငံရေးအရဆွေးနွေးဖို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေကတဆင့် ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ VOA ထိုင်းအခြေစိုက်သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

တိုင်းရင်းသားအဖွဲ့စည်းတွေမပါဘဲ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ပဲ စုဖွဲ့ထားတဲ့ FDB မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ကို ကန့်သတ်ချက် မထားဘဲ နိုင်ငံရေးဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေးအကျိုးဆောင်တွေက ဒီကနေ့မှာ တရားဝင်ကမ်းလှမ်းလာတာပါ။ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုံးမြင့်က- အစိုးရအကျိုးဆောင်တွေက တရားဝင်ကမ်းလှမ်းတာဖြစ်တယ်လို့ ဆိုပါတယ်။

“ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌဦးအောင်မင်းအတွက် ငြိမ်းချမ်းရေး အကျိုးဆောင်လုပ်ပေးနေတဲ့ ဦးလှမောင်ရွှေနဲ့ ဦးကျော်ရင်လှိုင်တို့ ခုနက ကျနော့ကိုပြောပါတယ်။ အဲဒါထူးခြားချက်က လူ့ဘောင်သစ်ပါတီနဲ့ ဒီမိုကရေစီအင်အားစု FDB ကိုပါ နိုင်ငံရေး အရဆွေးနွေးဖို့၊ အလွတ်သဘောဆွေးနွေးဖို့အတွက် တရားဝင်ကမ်းလှမ်းတဲ့အတွက် ကျနော် ဒီမှာရှိတဲ့ ခေါင်းဆောင်တွေကို တင်ပြထားပါတယ်”

FDB အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်ကတော့ ကမ်းလှမ်းချက်ကို ကြိုဆိုလိုက်ပေယ့် ဆွေးနွေးသင့်-မသင့်ဆိုတာက FDB အဖွဲ့ဝင် အဖွဲ့စည်းတွေရဲ့ ဆုံးဖြတ်ချက်အပြင် ပြည်တွင်းပြည်ပ မဟာမိတ်အဖွဲ့တွေရဲ့ သဘောထားအပေါ်လည်း မူတည်တယ်လို့ပြောပါတယ်။

“ကျနော်လည်း ခုပဲကြားရတာပါ။ ကြားရတဲ့အပါ်မှာ ကျနော်တို့ FDB ကိုပြန်တင်ပြရမှာပေါ့။ နောက် FDB မှာရှိတဲ့ အဖွဲ့စည်းတွေနဲ့ တိုင်ပင်ရမှာပေါ့။ နောက်-တခြားမဟာမိတ်တွေရဲ့အမြင်တွေလည်း လေ့လာရမှာပေါ့။ အထူးသဖြင့် အထဲထဲမှာ ရှိတဲ့ ၈၈ မျိုးဆက်တွေပေါ့၊ သူတို့တွေရဲ့ အမြင် သဘောထားတွေလည်း တောင်းခံရမှာပေါ့။ ဆိုတော့- ဦးသိန်းစိန်အစိုးရက တကယ်ကိုပဲ စစ်မှန်တဲ့နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲဖြစ်လာစေလိုလို့ ယူဆပြီးလုပ်လာရင်တော့ ကျနော်တို့ကြိုဆိုရမယ့်ကိစ္စ္စလို့ မြင်ပါတယ်”

Forum for Democracy in Burma မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု FDB ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)၊ မြန်မာအမျိုးသမီးသမဂ္ဂ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အင်အားစု၊ ရောင်ခြည်ဦးအလုပ်သမားသမဂ္ဂ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စတဲ့ နယ်စပ်အခြေစိုက် ဒီမိုကရက်တစ်အဖွဲ့ ၆ ဖွဲ့အပြင် တသီးပုဂ္ဂလ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဆွေးနွေးဖြစ်မယ်ဆိုရင်တောင်မှ လာမယ့်ဖေဖော်ဝါရီလဆန်းပိုင်းလောက်မှ ဖြစ်နိုင်တယ်လို့ ဒေါက်တာနိုင်အောင်က ဆိုပါတယ်။

“တွေ့ဆုံဆွေးနွေးပွဲတွေ၊ ဘောင်သတ်မှတ်မထားဘဲနဲ့ လက်နက်ကိုင်မဟုတ်ဘဲနဲ့ အရင်တခေါက်လည်းလုပ်လာတာမျိုးတွေက တောတော်ကို အားရစရာကောင်းတဲ့ဥစ္စာပါပဲ၊ ဒါပေမယ့် ကျနော်နည်းနည်းစိုးရိမ်နေတာက ဒီဟာတွေကို ဆွေးနွေးသွားပြီး လက်တွေ့အကောင်ထည်ဖော်တဲ့ အချိန်မှာ လိုက်နိုင်တဲ့ယန္တယားနဲ့ နိုင်ငံရေးဆန္ဒရှိနေလားဆိုတာ နည်းနည်းတော့ နားထောင်စောင့်ကြည့်ချင်သေးတယ်။ ပြောချင်တာတော့ ဗျာ- တွေ့ဆုံဆွေးနွေးတယ်ဆိုရင်လည်း ရန်သူ့ဆီဒူးမထောက်ရဘူး၊ ရန်သူနဲ့ လက်ဆွဲမနှုတ်ဆက်ရဘူးဆိုတဲ့ အမြင်တွေလည်း ရှိသလို ဗမာပြည်ကောင်းဖို့အတွက်ပဲ လုပ်နိုင်တာတွေတော့ လုပ်ရမယ်လို့ ပြောကြတာတွေလည်းရှိပါတယ်။ ကျနော်တု့ိကတော့ ဒီအသံတွေ အားလုံးကို သေသေချာချာနားထောင်ပြီးမှ မှန်မှန်ကန်ကန် ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကို လုပ်သွားမှာပါ”

ဆွေးနွေးဖြစ်ခဲ့ရင် ပါဝင်မယ့်အချက်တွေကို ဒေါက်တာနိုင်အောင်က ခုလိုပြောပါတယ်။

“ အခု ဦးသိန်းစိန်အစိုးရလုပ်နေတာတွေက ပြုပြင်နေတဲ့ကိစ္စတွေပဲထင်တယ်။ ကျနော်တို့က ပြောင်းလဲတဲ့ အဆင့်တွေရောက်ဖို့ ကျန်နေသးတယ်လို့ထင်တယ်။ ပြောင်းလဲတဲ့ကိစ္စ္စတွေ လုပ်နိုင်ဖို့လည်း တဦးကောင်းတယောက်ကောင်း လုပ်လို့ရတာမဟုတ်ဘဲ ယနေ့ ဗမာပြည်ထဲမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံး၊ ပါသင့်ပါထိုက်တဲ့လူတွေ အားလုံးပါတဲ့ ဗမာပြည်ကို အဆင့်လိုက်တည်ထောင်သွားမလဲ၊ ပြောင်းလဲသွားမလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ့၊ အဲဒါတွေတခုလုံးကို ဆွဲကြဖို့လိုတယ်၊ ဒါကို အာဃာတစွဲတွေမထားဘဲ တိုင်းပြည်အကျိုး၊ ပြည်သူ့ အကျိုးကို ရှေ့ရှုပြီးတော့မှ ဒါကိုပြင်နိုင်ဖို့၊ ဖော်ထုတ်ဖို့လိုတယ်လို့ ကျနော်က အဓိကထားဆွေးနွေးတင်ပြလိုတယ်။ နောက်ပြီး အဲလို ဆွေးနွေးဖို့ လုပ်တဲ့နေရာမှာ ရှိနေရမယ့် နိုင်ငံရေးရာသီဥတုနဲ့ ယုံကြည်မှုပေါ့၊ တည်ဆောက်ရမယ့်ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အပစ်ခတ်ရပ်စဲရေးကိစ္စ၊ နောက် ရန်လိုတဲ့အပြုအမူတွေ ရပ်တန့်သွားဖို့ကိစ္စ၊ နောက် လတ်တလောလူထုအပေါ်မှာ ဖိနှိပ်ထားတဲ့ ဥပဒေတွေ ပယ်ဖျက်ပေးဖို့ကိစ္စမျိုးတွေ လိုအပ်တယ်ဆိုတဲ့အကြောင်းလည်း ပြောရမယ်ထင်တယ်”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ အစိုးရသစ်ကမ်းလှမ်းတာကို အတည်ပြုပေမယ့် ဒါနဲ့ပတ်သက်လို့ အသေးစိတ်ကို ဖြေဆိုဖို့ငြင်းဆန်ပါတယ်။

အစိုးရသစ်ဟာ လောလောဆယ်ထိ ကရင်၊ ရှမ်း၊ ချင်းစတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်စဲဖို့ သဘောတူထားပြီးဖြစ်ပါတယ်ခင်ဗျ။

XS
SM
MD
LG