သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ရွေး


NLD ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ရွေး
NLD ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ရွေး

ဒီနေ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ ဖွဲ့လိုက်သလို ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆုံးဖြတ်ချက်တချို့လည်း ချတယ်ဆိုတော့ ဒီအခြေအနေတွေကို မသင်းသီရိက အပြည့်အစုံ တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအတွက် အတွင်းရေးမှူးအဖွဲ့ဝင် ၃ ဦးရဲ့ အမည်စာရင်းကို ဒီကနေ့ NLD ပါတီက ထုတ်ပြန်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖဲ့ွဝင် ၇ ဦးထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး အခု ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နဲ့ ဦးဟံသာမြင့်တို့ ၃ ဦးက အတွင်းရေးမှူးအဖွဲ့ဝင်တွေအဖြစ် တာဝန်ယူကြမယ်လို့ ဗဟိုအလုပ်မှုဆောင်အဖွဲရဲ့ အတွင်းရေးမှူးတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကပြောပါတယ်။

“ပထမကတော့ ဖွဲ့စည်းပုံအရ အတွင်းရေးမှူးအဖွဲ့ဆိုတာ ရှိတယ်။ ကျနော်တို့ မဖွဲ့ရသေးတော့ ဒီနှစ်ဖွဲ့တယ်။ အတွင်းရေးမှူးအဖွဲ့ရဲ့အလုပ်ကတော့ စီအီးစီတခုလုံးနဲ့ စီအီးစီဥက္ကဋ္ဌကို လုပ်ငန်းအားလုံးမှာ ပံ့ပိုးကူညီဖို့ပါပဲ”

NLD ပါတီထဲမှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့နဲ့အတူ သဘာပတိအဖွဲ့အဖြစ် အဖွဲ့ဝင် ၅ ဦးနဲ့လည်း ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ အခုဆိုရင် NLD ပါတီဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၄၈ ဦးစလုံးရဲ့အမည်စာရင်းတွေကို မနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း သူယှဉ်ပြိုင်မယ့် ကော့မှူးမဲဆန္ဒနယ်အတွက် မနေ့ကပဲ တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ အမည်စာရင်းတင်သွင်းတာတွေ လုပ်ခဲ့ပြီးပါပြီ။

အလားတူကျန်တဲ့ NLD ကိုယ်စားလှယ်လောင်းတွေလည်း စာရင်းတင်ဖို့ နောက်ဆုံး သတ်မှတ်ရက် ဇန်နဝါရီ ၃၁ ရက်မတိုင်ခင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးတွေမှာ အမည်စာရင်းတွေ တင်ကြမှာ ဖြစ်ပါတယ်။ ကော်မရှင်က ကိုယ်စားလှယ်အမည်စာရင်း အတည်ပြုချက်ကျပြီဆိုရင်တော့ ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲစည်းရုံးရေးတွေ စမယ်လို့လည်း NLD ပါတီက ပြောပါတယ်။ ဒီအတွက် အောင်နိုင်ရေးအဖွဲ့တွေနဲ့ပတ်သက်ပြီးတော့လည်း ဆုံးဖြတ်ချက်တချို့ကို NLD က ဗဟိုအလုပ်မှုဆောင်ကော်မတီက ဒီကနေ့ ချလိုက်တာ ရှိပါတယ်။

“ကျနော်တို့အောင်နိုင်ရေးအဖွဲ့ဝင်တွေဟာ ကွင်းဆင်းတဲ့အခါမှာ အခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ရှိလို့ရှိရင် အောင်နိုင်ရေးအဖွဲ့ရဲ့ သဘောတူညီချက်ယူဖို့လိုတယ်။ အောင်နိုင်ရေးအဖွဲ့က Authority ပေါ့။ ကျနော်တို့က ဒီလိုပြောလိုက်တာပါ။ တခြားပါတီနဲ့ မိမိသဘောနဲ့မိမိ ဆက်သွယ်သွားလာဆောင်ရွက်တာဟာ အောင်နိုင်ရေး ကော်မတီရဲ့ သဘောတူညီချက်မရှိရင် မသင့်လျော်ဘူးလေ။ ဒါကြောင့် အောင်နိုင်ရေးကော်မတီရဲ့သဘောတူညီချက် ယူပါလို့ ကျနော်တို့ ညွှန်ကြားပါတယ်”

မဲဆွယ်စည်ရုံးရေးတွေမှာလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့အညီ လုပ်ဆောင်ကြဖို့အတွက်လည်း ဆောင်ရွက်ကြဖို့ိကိုလည်း NLD ဗဟိုအလုပ်မှုဆောင်က သတိပေးထားသလို အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ကိုယ်ရေးမှတ်တမ်း အကျဉ်းချုပ်ကို ထုတ်ဝေခြင်းမပြုခင် ဗဟိုအောင်နိုင်ရေးအဖွဲ့ရဲ့ အတည်ပြုချက် ယူရမယ်လို့လည်း ပြောပါတယ်။ အဖွဲ့ဝင်သစ်လျှောက်တဲ့ကိစ္စကတော့ အရင်ပြောထားသလိုပဲ အဖွဲ့ဝင်သစ်တွေအတွက် စိစစ်ခြင်းမရှိပေမယ့် အဖွဲ့ဝင်ဟောင်းတွေအတွက်တော့ လိုအပ်ရင် စိစစ်မှုတချို့ရှိမယ်လို့ ဦးဉာဏ်ဝင်းကပြောပါတယ်။

“အဖွဲ့ဝင်သစ်လျှောက်တာနဲ့ပတ်သက်ပြီး ကျနော်တို့က ကန့်သတ်မှု၊ စိစစ်မှုမလုပ်ဘူး၊ လိုအပ်သင့်သလောက်တော့ လုပ်မှာပေါ့နော်- အားလုံးအပေါ်မှာ မလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်ပါ။ လိုအပ်တာက အားလုံးကိုလက်ခံ၊ လက်ခံပြီးပို့ပေး၊ ကျနော်တို့ ဒီမှာ စိစစ်ဖို့မလိုတဲ့ဟာတွေ ဒီအတိုင်းပဲ လက်ခံမယ်၊ စိစစ်ဖို့လိုတဲ့ဟာတော့ စိစစ်ပြီး အဆုံးအဖြတ်ပြုမယ်၊ ဒီလို သဘောပါ”

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းပါရှင်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံလို့ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ဖို့ ငြင်းဆန်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ကျခဲ့ပြီးနောက် ဒီဇင်ဘာ ၂၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခဲ့သလို နေပြည်တော်မှာရှိတဲ့ ဇန်နဝါရီ ၅ ရက် ကြာသာပတေးနေ့က တရားဝင် နိုင်ငံရေးပါတီမှတ်ပုံတင် ကျခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG