ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား အတော်များများ ရှိတယ်ဆိုပေမယ့် နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၁၆၀ ယောက်ထက်မနည်း အကျဉ်းထောင်တွေအတွင်း ကျန်နေသေးတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ ဒီစာရင်းက NLD ပါတီက အကူအညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပေါ် အခြေခံပြောတာမို့ လက်တွေ့မှာ ဒီဦးရေထက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီကရေစီ လမ်းကြောင်းထဲ အားလုံးပါဝင်လာအောင် ဆောင်ရွက်တဲ့နေရာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ မရှိသင့်ဘူးလို့လည်း မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ကလည်း သုံးသပ်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့မှာ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ပြီး နောက်တနေ့ လွတ်လာတဲ့ အကျဉ်းသား ၆၅၁ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၉၇ ယောက်လွတ်လာပြီး လတ်တလောစာရင်းအရ ၁၆၅ ယောက် ကျန်နေသေးတယ်လို့ NLD ပါတီကပြောပါတယ်။
ဒါကလည်း NLD ပါတီက အကူအညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ စာရင်းအရသာ ပြောနိုင်တာဖြစ်ပြီး သူတို့နဲ့ အလှမ်းဝေးနေပြီး နိုင်ငံရေးမှုတွေနဲ့ အကျဉ်းကျနေသူတွေလည်း ရှိတာမို့ ထောင်တွေတွင်းမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေစာရင်းဟာ ဒီထက်မက ရှိနိုင်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေး အကျဉ်းသားကူညီရေးကို ဦးဆောင်နေသူ ဦးနိုင်းနိုင်းကပြောပါတယ်။
“လွတ်တဲ့စာရင်းကတော့ ၂၉၁ ယောက်ကတော့ ဦးတို့စာရင်းထဲက လွှတ်ပေးတာ။ ဒီစာရင်းထဲမပါသော်လည်းပဲ ၁၇/၁ တို့ ဘာတို့ ပါတယ်။ အဲဒါက လောလောဆယ် ၆ ယောက်ရှိတယ်။ ဒီနေ့အထိ ထောင်အသီးသီးက၂၉၇ ဦး မှတ်ထားတဲ့ဟာ ရပြီလေ။ ဒီအချိန်အထိ ကျန်တဲ့စာရင်းက ၁၆၅ ယောက် ရှိတယ်။ နိုင်ငံရေးအကျဉ်းသားစာရင်းဆိုတာ ငွေကြေးထောက်ပံ့တဲ့စာရင်းကို အခြေခံထားတာ။ ဦးတို့ ငွေကြေးထောက်ပံ့တဲ့စာရင်း မဟုတ်သည့်တိုင်အောင်လည်း ကျန်တဲ့စာရင်းတွေ ရှိကောင်းရှိနိုင်တယ်။ ဦးတို့စာရင်းအရကိုက ၁၆၅ ယောက်ကျန်သေးတယ်။ ဒိထက်ပိုရင်လည်း ပိုမယ်။ ဦးတို့ မသိတာလည်း ရှိကောင်းရှိမှာပေါ့လေ”
အခုအကျဉ်းထောင်တွေတွင်း ကျန်နေသေးတဲ့သူအများစုဟာ ဖောက်ခွဲမှုတွေနဲ့ စွပ်စွဲခံရပြီး အကျဉ်းချခံထားရတဲ့ သူတွေလို့ ပြောနေကြပေမယ့် သူတို့ ပြုစုတဲ့ စာရင်းအရ အခုလွတ်လာကြသူတွေထဲ ဖောက်ခွဲမှုနဲ့ ကျနေသူတွေလည်း ပါလာတယ်တွေရတယ်လို့လည်း ပြောပါတယ်။
“ဖောက်ခွဲမှုဆိုရင် မလွှတ်ဘူးလို့ ပြောတယ်။ အခု ပြန်လွတ်တဲ့ထဲမှာ ဖောက်ခွဲမှုနဲ့လွန်ခဲ့တဲ့နှစ်က ကျခဲ့တဲ့သူတွေ အမှုတွဲတခုလုံးလွတ်တယ်။ ကိုမြင့်အေးဆိုတဲ့သူက ဘာမှလည်း မဖောက်ခွဲဘဲနဲ့ မလွတ်ဘဲနဲ့ကျန်ရစ်ခဲ့တယ်”
NLD လူမှုထောက်ကူပြုအဖွဲ့ကို ဦးဆောင်နေသူ ဦးနိုင်းနိုင်းပါရှင်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေစာရင်းနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်နေတာပါ။ ဒါကလည်း ဖမ်းဆီးစဉ်ကာလက စွဲဆိုတဲ့ပုဒ်မတွေကြောင့်ရော- တချို့ ပြန်လွတ်လာကြတာရှိတာမျိုးတွေရှိပေမယ့်လည်း အဆက်အသွယ်မရလို့ မသိရကြတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ဒီမိုကရေစီ စံနစ်ကို သွားနေပြီဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ မရှိသင့်ဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဆိုပါတယ်။
“သက်ဆိုင်ရာဌာနက ပုဂ္ဂိုလ်ကြီးက ပြောသွားတဲ့အထဲမှာတော့လည်း တော်တော်များများလွှတ်လိုက်ပြီ၊ ကျန်တာတွေက ဆိုလို့ရှိရင်ပေါ့-ရာဇဝတ်ပြစ်မှု ကျူးလွန်ထားတာတွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီးတော့ ပြောပါတယ်။ အဲဒီတော့ - ပြန်ပြီးတော့ သေသေချာချာစဉ်းစားကြည့်ဖို့တော့ လိုတာပေါ့နော်။ ကျန်သေးတယ်လို့ပြောတယ်။
ကျန်လို့ရှိရင်လည်း ဒီမိုကရေစီပြောင်းလဲဖို့မှာဆိုလို့ရှိရင် အားလုံးပါဝင်လာနိုင်အောင်တော့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးပါဝင်ဖို့ ဆောင်ရွက်မယ်ဆိုရင်တော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ မရှိသင့်ဘူးလို့ ယူဆတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်နေတာများ ရှိလို့ရှိရင်လည်း လွှတ်ပေးဖို့အတွက် ဆောင်ရွက်သင့်တယ်ဆိုတဲ့ အယူအဆပေါ့နော်- ကျန်နေမယ့်အနေအထားမျိုးဆိုရင်တော့လည်း တစုံတခုတော့ ဆောင်ရွက်ပေးရမှာပေါ့နော်”
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြပါ။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးအကျဉ်သား ၆ဝ၄ ဦးရှိတယ်ဆိုတဲ့ စာရင်းကနေ စိစစ်၍ လွှတ်ပေးခဲ့ခြင်း ဖြစ်တယ်လို့ ဇန်နဝါရီလ ၁၄ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။