သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ ရွေးကောက်ပွဲမျှတမှု အရေးပါ


ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ ရွေးကောက်ပွဲမျှတမှု အရေးပါ
ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ ရွေးကောက်ပွဲမျှတမှု အရေးပါ

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ပြန်ပြီးတော့ ရုပ်သိမ်းရေးမှာ ဧပြီလမှာ ကျင်းပမယ်လို့ မြန်မာ အစိုးရက ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲက ဘယ်လောက်များ အရေးပါပါသလဲ။ ဒီမိုကရေစီရေး အတိုက်အခံတွေအပေါ် မြန်မာအစိုးရက ရိုးသားမှုနဲ့ ပွင့်လင်းမှုတွေအပြင် ခွဲခြားမှု မရှိဘဲ ဆက်ဆံလာမယ်ဆိုရင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာနေတဲ့ အမေရိကန် ပညာရှင်တဦးက ပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တဲ့နောက် ဒဏ်ခတ်မှုတွေနဲ့ အရေးယူထားတဲ့ အနောက်နိုင်ငံတွေက မြန်မာအစိုးရနဲ့ ဆက်ဆန်ရေးကို တိုးမြှင့်လာခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံက နှစ်ပေါင်း ၅ဝ အတွင်း နိုင်ငံခြားရေးဝန်ကြီးအဆင့် ပထမဆုံး မြန်မာနိုင်ငံကို လာရောက်ခဲ့သလို အဓိက ပါတီကြီးတွေကို ကိုယ်စားပြုတဲ့ အမေရိကန် လွှတ်တော်အမတ်တွေဟာလည်း ကိုယ်တိုင် လေ့လာဆန်းစစ်ဖို့ လာရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအတွက် လေ့လာဆန်းစစ်မှုတွေကို ဆက်ပြီး လုပ်ဆောင်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့က ပြောကြားခဲ့ပြီး တဲ့နောက် ကြာသပတေးနေ့မှာတော့ အထက်လွှတ်တော် အမတ် ဂျိုး လီဗာမင် Joe Lieberman နဲ့အတူ ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း John McCain က မြန်မာနိုင်ငံက လက်ရှိအနေအထားတွေအရ အမေရိကန် ပြည်ထောင်စုက တုံ့ပြန်မှုတွေလုပ်ဖို့ ရှိပြီး ဒါဟာ စီးပွားရေး ပိတ်ဆို့အရေးယူ ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းပေးဖို့ ဒါမှမဟုတ် ဒဏ်ခတ်မှုတွေထဲက တချို့ကို ပြန်ပြီး ရုပ်သိမ်းဖို့ စဉ်းစားနိုင်တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးနိုင်ဖို့အတွက် အနောက်နိုင်ငံတွေက ဘယ်အချက်တွေပေါ် မူတည်ပြီး စဉ်းစား တာပါလဲဆိုတာ သိရဖို့ မြန်မာ့အရေး တစိုက်မတ်မတ်လေ့လာနေတဲ့ အမေရိကန် ပြည်ထောင်စု ရတ်ဂါးစ် Rutgers တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ ဂျိုးဆက် ဆီးလ်းဗားစတိုင်း Joseph Silverstein ကိုမေးကြည့်ပါတယ်။

“မြန်မာနိုင်ငံက အပြောင်းအလဲတွေအတွက် အနောက်နိုင်ငံတွေက ကြိုဆိုကြတာတွေ့ရပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံကမှ အကောင်းမြင်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့အစိုးရ ပထမဆုံး တွေ့ဆုံဆွေးနွေးချိန်က စပြီး အားလုံးက သတိနဲ့ စောင့်ကြည့်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံတွေကို အစိုးရက လေးလေးစားစားနဲ့ ခွဲခြားမှု မရှိဘဲ ဆက်ဆံရဲ့လား၊ ရိုးသားမှုရောရှိရဲ့လား ဆိုတာကို စောင့်ကြည့်နေကြတာပါ။ ဒီလို ရှိလာမယ်ဆိုရင် အမေရိကန်အစိုးရရဲ့ ထက်ထက်သန်သန် ကြိုးစားနေမှုကို အနောက်နိုင်ငံတွေက လက်ပိုက် ကြည့်မနေဘဲ ချက်ချင်း ပူးပေါင်းပါဝင်လာမှာ ဖြစ်ပါတယ်”

အမေရိကန်၊ အီးယူ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက မြန်မာအစိုးရဘက်က ရိုးသားပွင့်လင်းမှု အတိုင်းအတာကို စောင့်ကြည့်နေကြတဲ့ အထဲက အဓိက ဘယ်အချက်မျိုးကို မျှော်လင့်နေကြတာပါလဲ။

“သူတို့က ချက်ချင်း မတုံ့ပြန်ကြသေးဘဲ ရွေးကောက်ပွဲနောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်။ ဒါက အခုတွေ့ရတဲ့ သူတို့ရဲ့ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် တိုင်းအတာတမျိုးပါ။ အရင်တုန်းက သူတို့ တိုင်းတာတဲ့ပေတံက မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ပါ။ ဒီတိုက်ပွဲတွေဟာ ကချင်ဒေသမှာ ဖြစ်နေတာ အခုထိ မရပ်စဲသေးပါဘူး။

အခု ကျနော်တို့ စောင့်ကြည့်ရမှာက လွှတ်တော်က လုပ်ရပ်ပါ။ ဒေါ်အောင်ဆန်းစုကြည် အရွေးခံရရင် လွှတ်တော်မှာ သူရသင့်တဲ့ ထိုက်ထိုက် တန်တန် နေရာမျိုးပေးပါ့မလား။ လွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့ အရွေးကောက်ခံနယ်မြေ လူထုနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံ ဆွေးနွေးခွင့်ရပါ့မလား။ ဒါတွေကို ကြည့်ရမှာပါ”

အခု အမေရိကန်နဲ့တကွ အနောက်နိုင်ငံတွေက စောင့်ကြည့်နေတဲ့ ပထမ အဆင့်ဖြစ်တဲ့ ကချင်ဒေသတိုက်ပွဲတွေဟာ အခုထိ အဆုံး မသတ်နိုင်သေးပါဘူး။ ဒုတိယအဆင့်ဖြစ်တဲ့ လွှတ်တော်လုပ်ရပ်ကို စောင့်ကြည့်နေကြရာမှာ ဒီလွှတ်တော်ဟာ အစိုးရနဲ့ အတိုက်အခံတို့ကြား အပြန်အလှန် လေးစားမှု ရှိမရှိ၊ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ခွင့် ရှိမရှိနဲ့ ရွေးကောက်ပေးလိုက်တဲ့ ဒေသခံ ပြည်သူတွေ သူတို့ ဆန္ဒထုတ်ဖော်နိုင်ဖို့အတွက် လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ပေးမပေးကို အဓိကထား စောင့်ကြည့်နေကြတယ်လို့ ပါမောက္ခ ဆီးလ်ဗား စတိုင်းက ပြောပါတယ်။

အရှေ့တောင်အာရှဒေသကို ခရီးထွက်လာတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ မကြာခင်မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေနဲ့ ဒီအပြောင်းအလဲလုပ်ဆောင်မှုတွေကို အမေရိကန် လွှတ်တော်က ဘယ်လိုပံ့ပိုးကူညီမှုတွေ ပေးနိုင်မယ်ဆိုတာတွေကို ဆွေးနွေးဖို့ ရှိပါတယ်။

XS
SM
MD
LG