သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးမတိုးတက်ဘဲ ထိတွေ့ဆက်ဆံရင် ထိရောက်မှာမဟုတ်


Human Rights Watch logo
Human Rights Watch logo

လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှုမရှိတဲ့ မြန်မာနိုင်ငံလိုနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်တဲ့နေရာမှာ ထိရောက်တဲ့ နည်းလမ်းတွေလိုတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ Human Rights Watch အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှု မရဘဲနဲ့ မြန်မာစစ်အစိုးရလိုမျိုး ဖိနှိပ်တဲ့ အစိုးရတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ့ပူးပေါင်း ဆက်ဆံမှုတွေလုပ်ဖို့ ပြောနေမယ်ဆိုရင်တော့ အကြောင်းထူးမှာ မဟုတ်ဘူးလို့ ကမ္ဘာတဝန်းက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ တနင်္လာနေ့က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုလိုက်တာပါ။ အကြောင်းစုံကိုတော့ Human Rights Watch အဖွဲ့နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက ပြောပြပေးမှာပါ။

လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ မြန်မာစစ်အစိုးရအပါအဝင် ကမ္ဘာပေါ်ကနိုင်ငံတွေကို ဖိအားပေးဆောင်ရွက်ရမယ့် ကိစ္စတွေမှာ အနောက်နိုင်ငံတွေ၊ အထူးသဖြင့် ဥရောပသမဂ္ဂ (EU) က လုပ်သင့်သလောက် မလုပ်ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ Human Rights Watch အဖွဲ့က ပြောဆိုလိုက်တာပါ။ ကမ္ဘာတဝန်းက ဖိနှိပ်တဲ့အစိုးရတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ကို အားပေးတဲ့အကြောင်း ထပ်တလဲလဲ ပြောနေတာတွေဟာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဘာမှမလုပ်ဘဲနေဖို့ ဆင်ခြေ ပေးတာတွေပဲ ဖြစ်နေလေ့ ရှိတယ်လို့လည်း အစီရင်ခံစာထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။ တကယ်တော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုရှိဖို့အတွက် ဒီထက် ထိရောက်တဲ့ နည်းလမ်းတွေကို သုံးဖို့လိုတယ်လို့ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။

“၂၀၁၀ ပြည့်နှစ်ထဲမှာ တခြားနိုင်ငံတွေက ထိရောက်တဲ့ ဖိအားတွေ အခြေခံကျင့်ဝတ်နဲ့ညီတဲ့ ထိတွေ့ဆက်ဆံမှုတွေကို တွေ့ရမယ့်အစား ဖိနှိပ်တဲ့ အစိုးရတွေက ပိုပြီးတင်းမာတဲ့ သဘောထားတွေရှိခဲ့သလို တိုင်းသူပြည်သားတွေကိုလည်း ပိုပြီးဖိနှိပ်မှုတွေပဲ ရှိခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံဟာ အကောင်းဆုံးနမူနာ တခုပါ။ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းမှုတွေ တွေ့ဆုံစကားပြောဖို့ ကြိုးပမ်းနေတဲ့နိုင်ငံ တနိုင်ငံ ပါ။ တကယ်တမ်းမှာ ဒီလုပ်ရပ်တွေက အခြေခံလုပ်ငန်းစဉ်ပဲ ဖြစ်သင့်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ဘယ်လို ထိထိရောက်ရောက်ဖြစ်အောင် လုပ်ကြရမလဲ ဆိုတာကို ကြည့်ကြရမှာပါ။”

စာမျက်နှာ ၆၄၉ မျက်နှာရှိပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကိုအောင်မျိုးသိန်း ရဲ့ ဓာတ်ပုံကို မျက်နှာဖုံးပုံအဖြစ် ဖော်ပြ ထားတဲ့ ဒီအစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး လူ့အခွင့်အရေးနဲ့ လက်နက်ကိုင် ပဋိပက္ခပြဿနာတွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြဿနာတွေကို ဖြေရှင်းရေးမှာတော့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေက ပျက်ကွက်မှုတွေရှိခဲ့သလို ဒေသတွင်းက အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၊ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံတွေက စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေတာတွေကြောင့် တိုးတက်မှုတွေ မရှိဘူးလို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

“အရင်လကပဲ အာဆီယံရဲ့ ချဉ်းကပ်ပုံကို တွေ့ခဲ့ရပါသေးတယ်။ စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လက် ချမှတ်ထားတာတွေ မလုပ်တော့ဖို့ အာဆီယံက ပြောခဲ့တာပါ။ ဒီလိုပဲ အိန္ဒိယက မြန်မာနိုင်ငံအပေါ် ချဉ်းကပ်တဲ့ ပုံစံကိုလည်း တွေ့ရပါတယ်။ EU မှာတောင် ဒါမျိုးတွေ ရှိနေပါတယ်။ EU အဖွဲ့ဝင်တွေထဲမှာတောင်မှာ ချဉ်းကပ်ပုံတွေက ကွဲလွဲနေတာပါ။”

အာဆီယံအသင်းနဲ့ နိုင်ငံတကာအသိုင်းအဝန်းက တချို့နိုင်ငံတွေကတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ စစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့တာ၊ ဒီနောက် တပတ်လောက်အကြာမှာ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့တာ၊ ဒီလကုန်မှာလည်း လွှတ်တော်နဲ့အစိုးရတရပ် ဖွဲ့စည်းသွားဖို့ ရှိနေတာတွေဟာ နိုင်ငံရေး ဖြစ်ထွန်းမှုတွေအဖြစ် ရည်ညွှန်းပြောဆိုနေကြတာပါ။

ဒါပေမဲ့လဲ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကသာ အများစုနေရာရခဲ့တာဟာ အပြောင်း အလဲတခုအဖြစ် မမြင်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်တာဟာလည်း ရွေးကောက်ပွဲရလဒ်တွေကနေ အာရုံလွှဲဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ်သာ မြင်နိုင်တယ်လို့ Human Rights Watch က ပြောပါတယ်။

တကယ်တမ်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ နိုင်ငံရေး အခြေအနေတွေ တိုးတက်ဖို့အတွက်ဆိုရင်တော့ ဒီထက်ထိရောက်တဲ့ နည်းလမ်း တွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုမယ်လို့လည်း ဆိုပါတယ်။

“မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ အပြုအမူတွေအပေါ် တကယ်တမ်းသက်ရောက်မှုတွေ ရှိစေချင်တယ်ဆိုရင်တော့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ တို့လည်း ပူးပေါင်းပါဝင်လာဖို့လိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးလိုနိုင်ငံရေးလုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေအားလုံး ပါဝင်ခွင့်ရှိဖို့လိုကိစ္စမျိုးတွေမှာ သူတို့တွေအားလုံး တောင်းဆိုသွားကြရမှာ ဖြစ်ပါတယ်။”

လက်ရှိစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ EU နိုင်ငံတွေ အနေနဲ့လည်း အရေးယူမှုတွေ ထိရောက်မှုရှိစေဖို့ ပိုပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ လိုတယ်လို့လည်း Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။ ဒီလိုပဲ ထိတွေ့ဆက်ဆံမယ့် မူဝါဒတွေမှာ ဆိုရင်လည်း အချိန်ကာလ သတ်မှတ်ချက်တွေနဲ့ ချမှတ်ဆောင်ရွက်ရလိမ့်မယ်လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG