သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆက်ဖိအားပေးဖို့လို


Pyone Cho, center, an activist of the 88 Generation Students Group, waves at his colleagues welcoming his arrival at Yangon airport after released from Theyet prison in Yangon, Myanmar, Friday, Jan. 13, 2012. Myanmar freed some of its most famous politica

မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေဟာ မျှော်လင့်ချက် ရောင်ခြည်သန်းလာတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောပေမယ့် လက်ရှိပြောင်းလဲမှုတွေဟာ လုံလောက်တဲ့ အပြောင်းအလဲမဟုတ်သေးဘူလို့ မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ နောက်ထပ်တိုးတက်လာဖို့ ဖိအားပေးရမယ့် မြန်မာ့နိုင်ငံရေးအခြအနေထဲ အမေရိကန်ရဲ့ အခန်းကဏ္ဍက အလွန်အရေးပါတယ်လို့လည်း ဆိုကြပါတယ်။ ဒီသုံးသပ်ချက်တွေကိုတော့ မသင်းသီရိက စုစည်းတင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအကျဉ်းသား အတော်များများလွတ်လာတာ၊ မြန်မာ့နိုင်ငံရေးထဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်တာအပြင် တိုင်းရင်းသားအဖွဲ့တချို့နဲ့လည်း ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ဖြစ်လာတာဟာ ပစိဖိတ် ဒေသအတွင်းမှာ အင်အားကြီးနိုင်ငံတခုအဖြစ်နဲ့ ရပ်တည်နေတဲ့ အမေရိကန်တို့အတွက် မျှော်လင့်ချက်သစ်တွေကို ဖြစ်စေတယ်လို့ အမေရိကန် သမ္မတအိုဘားမားက သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေဟာ မြန်မာ့နိုင်ငံရေးအတွက် မလုံလောက်သေးဘဲ အားနည်းနေသေးတယ်လို့ NLD ပါတီရဲ့ သဘာပတိ အဖွဲ့ဝင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။

“ကျနော်တယောက်တည်းအမြင် ပြောရရင်တော့ အပြောင်းအလဲတွေက မလုံလောက်သေးဘူးလို့ပဲ ပြောချင်ပါတယ်။ ဗမာစကားမှာ ပြုပြင်ပြောင်းလဲမှု ဆိုတာ ရှိတယ်။ ပြောင်းလဲမှုဆိုတာ ပြုပြင်မှုရှိမှ- အခု သူတို့လုပ်နေတဲ့ဟာက ပြုပြင်မှုက အတော်အားနည်းတုန်းပဲလို့ ကျနော်က ယူဆတယ်။ အခု ကချင်ပြည်နယ်တို့-ဘာတို့မှာ ထိုးစစ်တွေက မပြတ်သေးဘူး။ သမ္မတကနေပြီးတော့ ထိုးစစ်တွေရပ်ပါလို့ ပြောပေမယ့် မရပ်သေးဘဲနဲ့ ဖြစ်နေတာ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ကျန်ပါသေးတယ်။ ထောင်ထဲမှလည်း လူတွေအများကြီး ကျန်သေးတယ်။ အဲဒါတွေကြောင့် ကျနော့်အမြင်ကတော့ ဒီ ပြုပြင်ပြောင်းလဲမှုတွေဟာ မလုံလောက်သေးဘူးလို့ ပြောချင်ပါတယ်”

မြန်မာနိုင်ငံမှာ နောက်ထပ် တိုးတက်တဲ့ အပြောင်းအလဲတွေထပ် ဖြစ်လာဖို့အတွက် အမေရိကန်တို့ရဲ့ အားပေးကုညီနေမှုတွေနဲ့အတူ ဖိအားပေးမှုတွေကလည်း အလွန်အရေးပါတယ်လို့ ဆိုပါတယ်။

“အမေရိကန်တို့ရဲ့ အရေးပါမှုကလည်း အများကြီးတည်တာပေါ့။ ဥပမာ-ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက်ပဲ အမြင်တွေကောင်းနေပေမယ့်လို့ အမေရိကန်ဘက်ကနေပြီးတော့ အခုလို သိပ်ပြီးတော့ အကောင်းမြင်တာမျိုး မရှိဘူးဆိုရင် နှောင့်နှေးနေအုံးမယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထုတ်မှုတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်တွေဟာ ဒီလောက်မြန်မြန်ထက်ထက် အကောင်အထည်ပေါ်ချင်မှ ပေါ်လာမှာပေါ့။ အဲဒီတော့ - အမေရိကန်ရဲ့ သဘောထားဟာလည်း ဗမာပြည်နိုင်ငံရေးအပေါ်မှာ အလွန့်အလွန် အရေးကြီးတယ်လို့ ယူဆပါတယ်”

ဒါကတော့ NLD ပါတီရဲ့ သဘာပတိအဖွဲ့ဝင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ပြောပြခဲ့တာပါရှင်။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်လာတဲ့အပြောင်းအလဲတချို့ကို အမေရိကန်တို့က ဝမ်းပန်းတသာကြိုဆိုပေမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရားမျှတဖို့၊ တခါ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေပေါ်ကြည့်ပြီးတော့မှ ပိတ်ဆို့အရေးယူမှုတွေကို တဆင့်ချင်းစီလျှော့မယ်လို့လည်း ပြောထားတာပါ။

ဒါပေမယ့် အခု မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းအစတွေရနေပြီဆိုပေမယ့် အရှိန်တွေရပ်တန့်မသွားဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

“ကျနော်တို့ ထောင်က လွတ်လာကတည်းက လေဆိပ်မှာမြင်ရတဲ့ သတင်းမီဒီယာသမားတွေရဲ့ မြင်ကွင်း အပါအဝင် ကျနော်တို့ ဒီ ရန်ကုန်တိုင်း၊ ဒေသကြီးမှာ သတင်းစာရှင်းလင်းပွဲ လုပ်နိုင်ခဲ့တယ်။ နောက် ပဲခူးတိုင်းဒေသကြီးမှာ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲဆိုတာကို တရားဝင် အခမ်းအနား ပုံစံမျိုးနဲ့လုပ်နိုင်ခဲ့တယ် ဆိုတော့ ဒါတွေကတော့ ထူးခြားတဲ့ အခြေအနေတွေပါ။ ဒါပေမယ့်လို့ အခု ဒီရက်ပိုင်းမှာပဲ နည်းနည်းလေး ထူးခြား လာတာ တခုက ဂျာနယ်တွေမှာ ကျနော်တို့ပြောဆိုတာတွေကို လွတ်ကာစက တော်တော်လေး လွတ်လွတ်လပ်လပ် ရေးနေရာကနေပြီးတော့ အခု နည်းနည်းလေး တင်းကျပ်တာတွေ အဖြုတ်ခံရတာတွေ နည်းနည်းလေး ပြန်ပြီးတော့ တွေ့လာရတယ်။

အဲဒီတော့ ဆိုလိုတာက - ပြုပြင်ပြောင်းလဲရေးဟာ ဒီအရှိန် အဟုန်အတိုင်း ဆက်သွားဖို့ ကျနော်တို့ကတော့ အားပေးသွားမှာပါ။ တွန်းအားပေး ထောက်ခံသွားမှာပါ။ တချိန်တည်းမှာပဲ ကျနော်တို့ စိုးရိမ်နေတာက- ဒီပြုပြင်ပြောင်းလဲရေး အရှိန် အဟုန်ဟာ တန့်သွားမှာမျိုးပေါ့လေ- နည်းနည်း အရှိန်လျော့သွားမှာမျိုးကိုတော့ ကျနော်တို့ စိုးရိမ်ပါတယ်။”

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးပါရှင်။ အရှေ့တောင်အာရှ နိုင်ငံတွေအတွင်း ပထဝီအနေအထားအရ အရေးပါတဲ့ မြန်မာနိုင်ငံကို စီးပွာရေးအရရော အိမ်နီးချင်းတရုတ်နိုင်ငံအပါအဝင် တခြား အိမ်နီးချင်း နိုင်ငံတွေနဲ့ပါ ယှဉ်နိုင်ဖို့အတွက် အမေရိကန်တို့က မြန်မာအစိုးရနဲ့ ပိုပြီး ရင်းနှီးလာကြတယ်လို့လည်း သုံးသပ်တာတွေရှိပါတယ်။ ဒါပေမယ့် အမေရိကန်တို့ဘက်လည်း သတိကြီးကြီးထားပြီးတော့ ဆက်ဆံနေပုံရတယ်လို့ ပြည်သူ့ခေတ်ဂျာနယ် အယ်တီတာချုပ် ဦးဖေမြင့်က သုံးသပ်ပါတယ်။

“အမေရိကန်က စီးပွားရေးပိတ်ဆို့မှုပေါ့နော်- Sanction ရှိတယ်ပေါ့နော်။ အဲဒီဟာနဲ့ပတ်သက်လို့တော့ သဘောထားတွေ၊ အမြင်တွေကတော့ အမျိုးမျိုး ရှိတာပေါ့နော်။ အဲဒီ Sanction သည် တကယ်ထိရောက်တယ်လို့ ယူဆသူတွေ ရှိတယ်။ တချို့ကတော့ သိပ်ပြီးတော့ ဒါလောက်ကြီးမဟုတ်ဘူး။ သာမန်သက်ရောက်မှုတွေထဲက တချက်လောက်ပဲဖြစ်တယ်လို့ ယူဆတာလည်း ရှိတဲ့အခါကျတော့ အခုအခါမှာ တဘက်ကနေပြီးတော့ အတန်အသင့် လျှော့ပေးတယ်တို့ ဘာတို့ဆိုတော့ ဒါက ဒီဘက်က ဆောင်ရွက်တဲ့အပေါ် မူတည်ပြီး ဟိုဘက်က သင့်လျော်တဲ့တုံ့ပြန်မှုလာတယ်၊ ကျနော်က ဒီလောက်ပဲ မြင်ပါတယ်”

ပြည်သူ့ခေတ်ဂျာနယ်အယ်တီတာချုပ် ဦးဖေမြင့်ပါရှင်။ မြန်မာနိုင်ငံကို အမေရိကန်တို့ဘက်က အဆင့်မြင့်ဆုံးအရာရှိအဖြစ် နိုင်ငံခြားရေး-ဝန်ကြီး ဟီလာရီ ကလင်တန်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အမေရိကန်လွှတ်တော်အမတ်တွေ မြန်မာနိုင်ငံကို သွားနေကြတဲ့အပြင် အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်တဦး ခန့်အပ်ပြီးတော့လည်း မြန်မာ့အရေးမှာ ဖိအားပေးနေတာရှိသလို မကြာခင်မှာ သံအမတ်ကြီးအဆင့် ပြန်ခန့်ဖို့တွေကိုလည်း အမေရိကန်တို့က စီစဉ်နေတာရှိပါတယ်။

XS
SM
MD
LG