သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ တင်မည်


ဆီးရီးယားအရေး လုံခြုံရေးကောင်စီ တင်မည်
ဆီးရီးယားအရေး လုံခြုံရေးကောင်စီ တင်မည်

ဆီးရီးယားနိုင်ငံက လပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ အုံကြွမှုတွေကို ဖြေရှင်းနိုင်မယ့် အာရပ်နိုင်ငံတွေရဲ့ အစီအစဉ်တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့ကျရင် ကာတာနိုင်ငံ ဝန်ကြီးချုပ်နဲ့အတူ ပူးတွဲတင်သွင်းသွားမယ်လို့ အာရပ်အဖွဲ့ချုပ်ရဲ့ အကြီးအကဲ Nabil Elaraby က ပြောလိုက်ပါတယ်။

ဆီးရီးယား သမ္မတ Bashar al-Assad က ဒုသမ္မတ ဖြစ်သူထံ အာဏာလွှဲပြောင်းပေးပြီး အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းရေး စီစဉ်ထားတဲ့ အဆိုပြုချက်ကို လုံခြုံရေးကောင်စီက အတည်ပြုချက်ရဖို့ သူနဲ့ကာတာနိုင်ငံ ခေါင်းဆောင်တို့က တောင်းခံသွားကြမှာ ဖြစ်တယ်လို့လည်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကြာသပတေးနေ့က ပြောလိုက်တာပါ။

ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့ကို စနေနေ့မှာ သွားမယ်လို့လည်း အာရပ်အဖွဲ့ချုပ် အကြီးအကဲက ပြောပေမယ့် ကုလသမဂ္ဂ တာဝန်ရှိသူတွေကတော့ ခရီးစဉ်နဲ့ ပတ်သက်လို့ အတည်ပြုချက် မပေးသေးပါဘူး။ ကာတာဝန်ကြီးချုပ် Sheikh Hamad bin Jassim al-Thani ဟာ ဆီးရီးယား နိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ စေလွှတ်ခဲ့တဲ့ အာရပ် အဖွဲ့ချုပ်ရဲ့ ကော်မီတီတရပ်ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဆီးရီးယားသမ္မတကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက ငြိမ်းချမ်းတဲ့ ဆန္ဒပြသမားတွေအပေါ် ဆက်လက် တိုက်ခိုက်မှုတွေ၊ စစ်တပ်ထဲက ဘက်ပြောင်းလာသူတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေလို အခြေအနေတွေကြောင့် နိုင်ငံတကာက ကြားဝင်ဖြေရှင်းဖို့အတွက် မကြာသေးခင် သီတင်းပတ်တွေကစလို့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေ ပိုမိုထောက်ခံလာကြတာပါ။

XS
SM
MD
LG