သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV လူနာဂေဟာအတွက် Global Fund အကူအညီ မပေးနိုင်သေး


မြန်မာနိုင်ငံအတွင်းမှာ ဒေါ်လာသန်း ၁၀၀ ကျော်နဲ့ ရန်ပုံငွေထူထောင်ပြီး HIV/AIDS၊ တီဘီနဲ့ငှက်ဖျား ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ Global Fund က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုကူညီ ရေးအဖွဲ့က ဖွင့်လှစ်ကူညီထားတဲ့ HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ရေးဂေဟာအတွက် တိုက်ရိုက် အကူအညီပေးဖို့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ အန်အယ်လ်ဒီ လူငယ်တွေနဲ့တွေ့ဆုံပြီး ပြောကြား ခဲ့ပါတယ်။ စစ်အစိုးရက ဦးဆောင်ဖွဲ့စည်းထားတဲ့ Myanmar Country Coordination Mechanism (MCCM) အဖွဲ့က အသိအမှတ်ပြုထားတဲ့ INGO၊ NGO တွေကိုပဲ Global Fund က တိုက်ရိုက် အကူ အညီပေးနေတာကြောင့်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က ဆက်ပြောပြမှာပါ။

Global Fund အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီမံခန့်ခွဲရေးအရာရှိနဲ့ UN AIDS က တာဝန်ရှိသူတွေ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တွေဖြစ်တဲ့ မဖြူဖြူသင်းနဲ့ ကိုရာဇာတို့နဲ့ တနလာင်္နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အန်အယ်လ်ဒီ လူငယ်တွေ က တိုက်ရိုက်အကူအညီရနိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပေမဲ့ Global Fund အဖွဲ့ဘက်က တော့ စစ်အစိုးရက ဦးဆောင် ဖွဲ့စည်းထားတဲ့ MCCM အဖွဲ့ထောက်ခံမှုမရှိဘဲ အကူအညီမပေးနိုင်ဘူး လို့ ပြောတဲ့အကြောင်း တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ အန်အယ်လ်ဒီလူငယ် ကိုရာဇာက အခုလို ပြောပါတယ်။

“အစိုးရအပါအ၀င် ဖွဲ့ထားတဲ့ MCCM အဖွဲ့ရဲ့ ထောက်ခံချက်ပေါ့နော်၊ MCCM ဆိုတဲ့အဖွဲ့ရဲ့ ထောက်ခံချက်မပါရင် သူတို့ဆီက အကူအညီ မရနိုင်ဘူးပေါ့ဗျာ၊ အဲဒါတွေ ပြောကြတယ်။ ကျနော်တို့ကိုလည်း တခြား NGO တွေနဲ့ ချိတ်ဆက်ဖို့၊ နောက်ပြီးတော့ တခြား NGO တွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေသလားပေါ့ဗျာ၊ ဒါတွေမေးတာပေါ့။ ”

MCCM အဖွဲ့မှာ စစ်အစိုးရကျန်းမာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာပါ။ Global Fund က ရန်ပုံငွေ ဒေါ်လာ သန်း ၁ ရာကျော်ကို ဒီအဖွဲ့က ထောက်ခံချက်ပေးတဲ့ လူမှုကူညီရေး အဖွဲ့တွေကိုပဲ ကူညီမှာဖြစ်ပါတယ်။ ဒီလို အကူအညီရရှိထားတဲ့ အဖွဲ့တွေကတဆင့် အန်အယ်လ်ဒီ လူမှုကူညီရေး အဖွဲ့က ထပ်ဆင့်အကူအညီတောင်းခံနိုင်အောင် ချိတ်ဆက် ဆောင်ရွက်သင့်တယ် လို့လည်း Global Fund က ပြောကြားတဲ့ အကြောင်း ကိုရာဇာက ပြောပါတယ်။

“ကျနော်တို့ရဲ့ အဖွဲ့ကို မကူညီရင်တောင်မှ သူတို့က တခြားထောက်ပံ့ရေးတွေ လုပ်နေမယ်ပေါ့ဗျာ၊ သူတို့က တခြား NGO တွေကိုလည်း ထောက်ပံ့နေတဲ့အတွက် ကျနော်တို့က တခြား NGO တွေနဲ့ ချိတ်ဆက်ထားမယ်ဆိုရင် ကျနော်တို့ရဲ့လူနာတွေကလည်း တခြား NGO တွေကနေ ရနိုင်တယ်။ ဆိုလိုတာက သူတို့ဆီက တိုက်ရိုက်မရရင်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ ကျနော်တို့က ရနိုင်တယ်ပေါ့နော်။ ဒီလိုသဘောမျိုး သူက ရှင်းပြတယ်။”

ဒါပေမဲ့ ပြည်တွင်းက ဆေးဝါး ရန်ပုံငွေ အထောက်အကူရတဲ့ အန်ဂျီအိုတွေက တဆင့် ပြန်လည် တောင်းယူဖို့ဆိုတာ မလွယ်ကူတဲ့အတွက် စစ်အစိုးရက ဦးဆောင်ဖွဲ့စည်းထားတဲ့ MCCM အဖွဲ့ထဲကို ပါဝင်ခွင့်ရရေး ကူညီပေးဖို့ အန်အယ်လ်ဒီလူငယ်တွေက Global Fund အဖွဲ့ကြီးကို ပြောကြားခဲ့ပေမဲ့ အဖွဲ့ဝင်ခွင့် ပေးမပေးကိုတော့ သေသေချာချာ မသိရဘူးလို့ ကိုရာဇာက ပြောပါတယ်။

“ကျနော်တို့က ဒီထဲမှာ ပါဝင်နိုင်ဖို့အတွက် သူတို့ကို တောင်းဆိုတယ်။ ကျနော်တို့ကို နည်းလမ်းရှာ ပေးပါ၊ ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ ဒီထဲမှာ ကျနော်တို့ ပါချင်တယ်။ အဲလိုမှ မဟုတ်ဘူး၊ လိုအပ်တယ်၊ သူတို့ကအကူအညီမပေးနိုင်ဘူး ဆိုလို့ရှိရင် ကျန်းမာရေးဝန်ကြီးနဲ့တွေ့ခွင့်၊ ဒါမှမဟုတ် ပြည်ထဲရေး ၀န်ကြီးနဲ့ တွေ့ခွင့်ပေါ့နော်၊ အဲဒါလေးတွေ ဆောင်ကျဉ်းပေးနိုင်လို့။ သူတို့အာမခံချက်တစုံတရာတွေ တော့ မပေးပေမဲ့ အစိုးရပိုင်းနဲ့တွေ့ရင်တော့ ဒါတွေကို ပြောပြပါ့မယ်လို့ ပြောတယ်ဗျ”

Global Fund အဖွဲ့ကြီးက မြန်မာနိုင်ငံမှာ HIV/AIDS၊ တီဘီနဲ့ ငှက်ဖျား ရောဂါသုံးမျိုး တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာမှာ မြန်မာစစ်အစိုးရက တားမြစ်ကန့်သတ်ချက်တွေကြောင့် လူထုကို အကူအညီပေးရာမှာ ထိရောက်မှုမရှိဘူးဆိုပြီး ၂၀၀၅ ခုနှစ်မှာ လုပ်ငန်းတွေကို ရပ်စဲခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာ ရန်ပုံငွေ ဒေါ်လာသန်း ၁ ရာကျော်နဲ့ မြန်မာနိုင်ငံကို ကူညီဖို့ ပြန်လည် ၀င်ရောက်လာတာ ဖြစ်ပါတယ်။ အခုတခါ ၀င်ရောက်လာတဲ့အချိန်မှာတော့ စစ်အစိုးရက ဦးစီးဖွဲ့စည်း ထားတဲ့ MCCM အဖွဲ့က ထောက်ခံမှုမပေးတဲ့ လူမှုရေးအဖွဲ့တွေကို တိုက်ရိုက် အကူအညီမပေးနိုင်ဘူးဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG