သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံရောက်


ဥရောပ ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ အဖွဲ့ဝင်(၁၁)ဦးပါ၊ အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ၊ မနက်ဖန် ဗုဒ္ဓဟူးနေ့ ဖေဖေါ်ဝါရီ (၂၉) ရက်မှာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီးတော့၊ ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ဥရောပပါလီမန်အဖွဲ့ရဲ့တရားဝင်ကိုယ်စားလှယ်အဖွဲ့ကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံတာလည်း ဖြစ်ပါတယ်။

အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျာမန်ခရစ်ယန်ဒီမိုကရက်ပါတီရဲ့ ဥရောပပါလီမန်အမတ် ဒေါက်တာ ဝါနာလယ်န်ဂင် (Dr. Waener langen) ကိုယ်တိုင် ခေါင်းဆောင်လာတဲ့ ဒီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ တခြားသော မြန်မာ့ နိုင်ငံရေးအတိုက်အခံတွေ၊ လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ရန်ကုန်မြို့အနီးက ဥရောပ သမဂ္ဂရဲ့ အကူအညီနဲ့လုပ်ဆောင်နေတဲ့ စီမံကိန်းတစ်ရပ်ကိုလည်း သွားရောက်ကြည့်ရှုကြမှာဖြစ်ပြီးတော့၊ မတ်လ (၁)ရက်နေ့ ညနေမှာတော့ ရန်ကုန်မြို့က Chatrium Hotel မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့လည်း၊ ဘန်ကောက်မြို့ ဥရောပသမဂ္ဂရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဥရောပပါလီမန်အနေနဲ့ မြန်မာနိုင်ငံက မကြာသေးခင်က စတင်ပေါ်ပေါက်လာခဲ့တဲ့ အပြုသဘောဆောင်ဖြစ်ပေါ်တိုးတက်မှုတွေကို ကြိုဆိုလိုက်ပြီးတော့၊ ဥရောပပါလီမန်က ချီးမြှင့်တဲ့ Sakharov ဆုကို ရရှိထားသူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့၊ ဥရောပပါလီမန်မှာ လာရောက် မိန့်ခွန်းပြောကြားပေးဖို့၊ ဥရောပ ပါလီမန်ဥက္ကဋ္ဌ ဒေါက်တာမာတင်ရှုလ်ဇ် Dr Martin Schulz ရဲ့ဖိတ်ကြားလွှာကိုလည်း၊ အခုလာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝါနာ လယ်န်ဂင်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်မှာ ဖြစ်တယ်လို့လည်း၊ ဥရောပပါလီမန်သတင်းမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG