သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ EU တိုက်တွန်း


အီးယူ ဥရောပသမဂ္ဂရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ဥရောပကောင်စီ အကြီးအကဲက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်လာတာကို ထူးထူးခြားခြား ကြိုဆိုလိုက်ပါတယ်။

အီးယူ ဥရောပသမဂ္ဂရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ဥရောပကောင်စီ အကြီးအကဲက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်လာတာကို ထူးထူးခြားခြား ကြိုဆိုလိုက်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ အကြီးအကဲ တွေကို ကိုယ်စားပြုတဲ့ ဥရောပကောင်စီဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ မှာ ဥရောပမှာ အဓိက ကြုံနေရတဲ့ စီးပွားရေး အကျပ်အတည်းတွေကို ဆွေးနွေးတိုင်ပင် အပြီးမှာ အခုကို ဥက္ကဋ္ဌရဲ့ ကြေငြာချက်ကို ထုတ်ပြန်လိုက်တာပါ။ ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဒေးဗစ်ကင်မရွန်းကလည်း မြန်မာနိုင်ငံကို သွားဖို့ လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်ခင်ဗျာ။

++++++

ဥရောပသမဂ္ဂ နိုင်ငံအကြီးအကဲတွေဟာ သူတို့ ရဲ့ ဒီ ထိပ်သီးအစည်းအဝေးမှာ အရေးပေါ်ဖြစ်နေတဲ့ ဥရောပ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားဆွေးနွေးနေချိန်မှာပဲ ကမ္ဘာမှာ အရေးအပါဆုံး နိုင်ငံခြားရေး ကိစ္စရပ်ကြီး သုံးခုကိုလည်း ထည့်သွင်းပြောကြားခဲ့ကြပါတယ်။ ဒီ ကမ္ဘာ့ ထိပ်တန်းရောက် ကိစ္စသုံးခုထဲမှာ မြန်မာနိုင်ငံ ကိစ္စကလည်း တခုပါဝင်နေပီး အခြား နှစ်ခုကတော့ အီရန် နျူးကလီးယားအရေးနဲ့ ဆီးရီးယား ပြဿနာတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဦးသိန်းစိန် အစိုးရ တက်လာအပြီး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့တဲ့ အပေါ် ဥရောပကောင်စီ ဥက္ကဋ္ဌ Van Rompuy က အားပါးတရ ကြိုဆိုလိုက်ပါတယ်။

“သတင်းကောင်းတခု လည်း ရှိပါသေးတယ်။ မြန်မာ အစိုးရ အနေနဲ့ ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ရွေးချယ်လိုက်တဲ့ အတွက် ကျနော်တို့ ကြိုဆိုပါတယ်။ အားလည်းတက်မိပါတယ်။”

ဥရောပကောင်စီ ဥက္ကဋ္ဌကပဲ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေကြောင့် ဥရောပသမဂ္ဂ နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးမြင့်သွားစေတယ်။ တချိန်တည်းမှာ နောက်ထပ် တိုးတက်မှုတွေ အဖြစ် လာမယ့် အပတ် တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ လွတ်လပ်ပီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးတာနဲ့၊ တိုင်းရင်းသားတွေနဲ့ စစ်ပွဲတွေ ရပ်ဆိုင်းလိုက်နိုင်တာတွေကို တွေ့နိုင်ဖို့ မျှော်လင့်နေတယ် လို့ ဆက်ပြောပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေး ပြောခွင့်ရှိသူ ကော်စီဂျက်နက် ကလည်း အခု ကောင်စီဥက္ကဋ္ဌပြောသလို ဖြစ်လာမှပဲ မြန်မာ နိုင်ငံထဲ မှာ ပြုပြင်ပြောင်းလဲရေးတွေဟာ နောက်ပြန်မဆုတ်နိုင်မယ့် အနေအထားကို ရောက်နိုင်မှာမို့ အခုလို ဆက်တောင်းဆိုရတာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ ပြောခွင့်ရ ကော်စီဂျဲနက် ကပဲ မြန်မာဘက်အနေနဲ့ လည်း အခုလို ဥရောပသမဂ္ဂ ဘက် က ထူးထူးခြားခြားပြောလာတာကို အရေးထားပြီး နောက်ထပ် ပြောင်းလဲမှုတွေ ဆက်လုပ်လာရင် အီးယူဥရောပသမဂ္ဂ ဘက်ကလည်း စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်ပေးဖို့ကို တဆင့်စီ တုန့်ပြန်သွားနိုင်မှာဖြစ်တယ်။ အထူးသဖြင့် လာမယ့် ဧပြီလမှာ အီးယူရဲ့ မြန်မာနိုင်ငံအပေါ် ပေါ်လစီကို ချမှတ်ရာမှာ ပိတ်ဆို့ မှု သက်တမ်း ဆက်တိုးမလား၊ ဘာတွေ လျှော့ပေးမလဲ ဆိုတာက အရေးပါလိမ့်မယ် လို့ ဆိုပါတယ်။ တချိန်တည်းမှာ ဒီဥရောပကောင်စီ ထိပ်သီး အစည်းအဝေးကို ရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရှိလာတာကြောင့် သွားလည်ဖို့ လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းပြောခဲ့ပါတယ်။ ကျွန်တော်တို့ တကယ့်ကို ပုံမှန်ဆက်သွယ်မှု ရှိပါတယ်။ ကျွန်တော့် ရုံးက သူနဲ့ ဆက်သွယ်ထားတာပါ။ သူ့အနေနဲ့ လာမယ့် ရွေးကောက်ပွဲနဲ့ တခြားကိစ္စတွေ အတွက် အလွန်အမင်းကို အလုပ်ရှုပ်နေပါတယ်။ အဲဒါကြောင်မို့ မြန်မာပြည်ကို သွားဖို့ ကိစ္စအတွက် လမ်းတော့ ဖွင့်ထားပါတယ်။

ဝန်ကြီးချုပ် ကမ်မရွန်းကပဲ ကိုယ်တိုင်မသွားနိုင်ခင်မှာလည်း လက်ရှိ အရေးကြီးတဲ့ ကာလတွေမှာ အနီးကပ်စောင့်ကြည့်ပီး အကောင်းဆုံးကူညီသွားမယ်လို့ ဆက်ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ အနေနဲ့ အနီးကပ်စောင့်ကြည့် သွားပြီးတော့ တတ်နိုင်မျှကူညီသွားဖို့ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်ပျက်စရာတွေ ကမ္ဘာပေါ်မှာ အများအပြားရှိနေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာက ဒီမိုကရေစီ စပြီး ပွင့်လန်းလာတာနဲ့၊ ဖိနှိပ်ချုပ်ချယ်ထားတာက စပြီးလွတ်မြောက်လာတာဟာ တကယ့်ကို ကောင်းမွန်တဲ့ အနေအထားပါ။ ဒါဟာ တကယ့်ကို အားရစရာ တိုးတက်မှုဖြစ်တာမို့ ကျွန်တော် တို့ ဒါကို ဆြက်ပီးတော့ အားပေးနိုင်အောင် ကျွန်တော်တို့ လုပ်ပေးနိုင်တာတွေ အားလုံးကို ဆောင်ရွက်သွားမှာပါ။”

ဒီ ဥရောပသမဂ္ဂ ရဲ့ အမြင့်ဆုံးဖြစ်တဲ့ ဥရောပကောင်စီ အစည်းအဝေးမတိုင်ခင် ဥရောပသမဂ္ဂ ၂၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကိုလည်း ပြီးခဲ့တဲ့ အပတ် ဇန်နဝါရီ ၂၃ မှာ ကျင်းပခြဲ့ပီး မြန်မာနိုင်ငံက တိုးတက်လာမှုတွေ အပေါ် ခရီးသွားဗီဇာ ကန့်သတ်မှု လျှော့ပေးတာအပြင် အခြားကူညီမှုတွေလည်း ပိုတိုးလုပ်ပေးသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

XS
SM
MD
LG