သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အသုံးစရိတ်အဆိုပြုချက် လွှတ်တော်မှာ တင်သွင်း


In this photo taken Sept. 21, 2011, members of parliament attend the second regular session of parliament at Hluttaw building in Myanmar's new capital Nay Pyi Taw. Myanmar's Parliament approved a law Thursday, Nov. 24, 2011 guaranteeing the right to prote
In this photo taken Sept. 21, 2011, members of parliament attend the second regular session of parliament at Hluttaw building in Myanmar's new capital Nay Pyi Taw. Myanmar's Parliament approved a law Thursday, Nov. 24, 2011 guaranteeing the right to prote

လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို တင်သွင်းခဲ့ပါတယ်

မြန်မာနိုင်ငံမှာ စုစုပေါင်း နိုင်ငံခြားကြွေးမြီစာရင်း ဒေါ်လာသန်းပေါင်း တသောင်းနှစ်ထောင်ကျော် တင်ရှိနေပြီး၊ နိုင်ငံခြားအရန်ငွေ ဒေါ်လာသန်းပေါင်း ၇ထောင်ကျော်ရှိတယ်လို့ အစိုးရကိန်းဂဏန်းတွေမှာ ဖော်ပြလိုက်ပါတယ်။ လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွေ ကျင်းပနေရာမှာ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခေါ်ယူပြီး၊ ၁၉၈၈ မတိုင်ခင်နဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်မှာ တင်ကျန် နေတဲ့ နိုင်ငံခြားကြွေးမြီစာရင်းကို လွှတ်တော်ကိုယ်စားလှယ်တွေကို တင်သွင်းသွားတာဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အတွင်းက နိုင်ငံတော်ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တွေကို အသိပေးတင်သွင်းထားတာတွေကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

နိုင်ငံတော်မှာ တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီပမာဏ၊ နိုင်ငံတော်မှာရှိတဲ့ နိုင်ငံခြားအရန်ငွေပမာဏာနဲ့ ဘတ်ဂျက်အသုံးစရိတ် အဆိုပြုချက်မူကြမ်းတွေကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တင်သွင်းခဲ့ပြီး၊ ဆွေးနွေးတဲ့အဆင့်တော့ မရောက်သေးပါဘူး။

အခု လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်ဘတ်ဂျက်ကိစ္စကို အဓိကထား ဆွေးနွေးမှာမို့လို့လည်း ဖွဲ့စည်းပုံအရ နိုင်ငံတော်ဘတ်ဂျက်ကိစ္စမှာ အဆုံးအဖြတ်ပေးရမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဍက အခု လွှတ်တော်အစည်းအဝေးတွေမှာ ပို အရေးကြီး နေပါတယ်။ ဒီကနေ့ တင်ပြချက်အရ မြန်မာနိုင်ငံရဲ့ စုစုပေါင်း နိုင်ငံခြားကြွေးမြီစာရင်းဟာ ဒေါ်လာသန်းပေါင်း တသောင်းနှစ်ထောင်ကျော်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးအေးမောင်က ဗွီအိုအေကို ပြောပါတယ်။

“ ၈၈ မတိုင်ခင်က ကြွေးမြီပေါင်း အမေရိကန်ဒေါ်လာသန်း ၈၄၀၈.၃၄၈ ရှိတယ်ဗျ။ အဲဒီထဲမှာ ဂျပန်က အများဆုံး၊ ၆၃၈၈.၃၂၀ သန်း နဲ့ ဒုတိယအများဆုံးက IDA ချေးငွေက ၈၀၁.၅၉၁ ပါ။ ဂျာမနီက ၅၈၁.၇၂၈။ ADP ကတော့ ၃၅၆.၉၃၅။ နောက်များတာက နော်ဝေးက ၃၇.၁၂၆။ သြစတြီးယားက ၃၀.၀၂၇၊ အင်္ဂလန်က ၃၆.၅၅၂။ အီတလီကတော့ ၆.၁၉၀ ပါ။ စုစုပေါင်း ၈၄၀၈.၃၄၈ သန်းက ၈၈မတိုင်ခင်ကပါ။”

“၈၈ နောက်ပိုင်းမှာ ချေးတဲ့ ပိုက်ဆံက ဒေါ်လာ ၂၆၁၄.၉၅၀ သန်းရှိတယ်။ အဲဒီမှာ အများဆုံးက တရုတ်နိုင်ငံက ချေးတာပါ။ ၂၁၃၈.၇၄၄ သန်းရှိတယ်။ နောက် ဒုတိယလိုက်တာက မလေးရှားပါ။ သန်း ၁၅၀ ရှိတယ်။ အိန္ဒိယကတော့ ၁၁၀.၃၈၉ သန်း ရှိပါတယ်။ စုစုပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ သန်း ချေးငွေနှစ်ရပ်အတွက် ပေးဆပ်ဖို့ အကြွေးရှိပါတယ်။ တဆက်တည်းမှာလည်း Foreign Reserve ဘယ်လောက်ရှိလဲဆိုတာလည်း သူတို့ ပြောသွားပါတယ်။ စုစုပေါင်း ၇၁၉၆.၄၅၄သန်း ရှိတယ်တဲ့။ ရှိတာအကုန်ဆပ်ရင် ၄၀၀လောက်တော့ ကျန်မှာပေါ့။”

နိုင်ငံခြားကြွေးမြီတွေနဲ့ပတ်သက်လို့တော့ ဂျပန်နဲ့အီတလီအစိုးရပိုင်းတွေကို ကြွေးမြီလျော့ပေါ့ပေးရေးကိစ္စ ဆွေးနွေးထားတယ်လို့ သိရတဲ့အကြောင်း ဦးအေးမောင်က ရှင်းပြပါတယ်။ အခုလို နိုင်ငံခြားကြွေးမြီ စာရင်းကို လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးတာ ဒါ ပထမဆုံးအကြိမ်ဖြစ်တာမို့၊ မြန်မာလူထုအနေနဲ့ ဒါဟာ တရားဝင် ပထမဆုံးသိခွင့်ရတာလို့ ပြောနိုင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတဲ့အထဲ အခုနှစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးလိုအပ်ချက်ထပ်တိုးအဆိုပြုချက်မူကြမ်း၊ ၂၀၁၂-၂၀၁၃ နိုင်ငံတော်ဘတ်ဂျက်အဆိုမူကြမ်းတွေကိုလည်း တင်သွင်းခဲ့ပါတယ်။ ဝန်ကြီးဌာနအလိုက် အသုံးပြုမယ့်၊ အသုံးပြုခဲ့တဲ့ စာရင်းဇယားအသေးစိတ်တွေကို တင်သွင်းထားပြီး ဒီအပေါ်မှာတော့ သူတို့အနေနဲ့ ဆွေးနွေးစရာတွေရှိမယ်လို့ ဦးအေးမောင်က ပြောပါတယ်။

၂၀၁၁-၂၀၁၂ ဘတ်ဂျတ်မူကြမ်းအဆိုကို လာမယ့်ဖေဖဝါရီလ ၆ ရက်နေ့မှာ ဆွေးနွေးမှာဖြစ်ပြီး၊ ၁၀ရက်နေ့မှာ ဝန်ကြီးဌာနတခုချင်းအလိုက် အသုံးစရိတ်တွေကို ဆွေးနွေးဖို့ရှိပါတယ်။ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်မူကြမ်းအဆိုကိုတော့ ဖေဖဝါရီလ ၁၇ ရက်နေ့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဘတ်ဂျက် အဆိုပြုချက်တွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်အဆိုပြုချက်က အများဆုံး ဖြစ်ပါတယ်။ ဒါတောင်မှ အရင်အသုံးစရိတ်ထက် လျှော့သွားတာတယ်။ ဒါပေမယ့်လည်း အခြားအရပ်ဖက်ဝန်ကြီးဌာနအောက် အသုံးစရိတ်တွေကတဆင့်၊ ကာကွယ်ရေးနဲ့ဆိုင်တဲ့ အသုံးစရိတ်တွေဆီကို သွားမယ့် အခြေအနေကိုတော့ ရှင်းလင်းကွဲပြားအောင်လုပ်ရလိမ့်မယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က ပြောပါတယ်။

“ တခုပဲ ရှိတယ်။ ကာကွယ်ရေးအသုံးစရိတ်နဲ့ ပတ်သက်လို့ ။ ခုကာလမှာ ဝန်ကြီးဌာနတွေ နှစ်ခုလောက် ရှိတယ်။ ဥပမာ မြန်မာ့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဆိုတာ ပေါ်လာတယ်။ ဥပမာ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနရှိတယ်။ သူ့ရဲ့ အောက်မှာ Atomic Energy နဲ့ ပတ်သက်တဲ့ ဌာနလေးရှိတယ်။ ခုနပြောသလို သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနအောက်မှာ ရှိသလို နယ်စပ်ဒေသဝန်ကြီးဌာန အောက် မှာလည်း တချို့အသုံးစရိတ်တွေ ရှိပါတယ်။ အဲသလိုပဲ မြန်မာ့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့ ကြီးမားကျယ်ပြန့်တဲ့ Project ကြီးတွေ ရှိတယ်။ အဲဒီမှာ ရုရှကလာတဲ့ တပ်မတော်ဘက်က ပုဂ္ဂိုလ်တွေလည်း အငြိမ်းစားပြီးကာမှ ဝင်ကောင်းဝင်နိုင်တယ်။ အဲတော့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာ့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနဲ့ တပ်မတော်ပိုင်းနဲ့ ပြန်ပြီးချိတ်ဆက်မှု ရှိမရှိဆိုတာ ကျွန်တော်တို့ မသိဘူး။ မရှိအောင် ထိန်းကွပ်ပေးဖို့ရယ်၊ သူ့လိုင်းနဲ့သူ သွားပြီး ဘတ်ဂျက်ကို သုံးနိုင်အောင် လုပ်ဖို့ရယ်ကတော့ ကျွန်တော်တို့မှာ တာဝန်အများကြီး ရှိလာပါလိမ့်မယ်။ ခုမှလည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖြန့်ခွဲတဲ့ ရာခိုင်နှုန်းကို တွေ့တာကိုး။ ပြီးခဲ့တဲ့နှစ်က ဘတ်ဂျက်စုစုပေါင်း ၂၀% လောက်တော့ သုံးမယ်ထင်တယ်။ အခုကတော့ ၁၅%လောက်သုံးထားတာအကြမ်းတွေ့တယ်။ ကောလဟလဖြစ်နေတာကတော့ ရာခိုင်နှုန်း တဝက်လောက်သုံးတယ်ပေါ့”

တကယ်တော့ နိုင်ငံတော်ဘဏ္ဍာငွေ ဘယ်လောက်ရှိတယ်၊ ဘယ်လို ခွဲဝေသုံးစွဲသွားမယ်ဆိုတာကို လူသိရှင်ကြား အသိပေး ဆွေးနွေးကြမယ့်ကိစ္စဟာ၊ ဆယ်စုနှစ်တွေအတွင်း ဒါဟာ ပထမဆုံးအကြိမ်လို့ ပြောနိုင်ပါတယ်။ အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတွေရဲ့ အဆိုပြုချက်တွေကို နိုင်ငံတော်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲတဲ့ နေရာမှာ ပြည်သူလူထုအတွက် အကျိုးဘယ်လောက်ရှိမလဲဆိုတာတွေကို စီစစ်ပြီး ထောက်ခံ အကြံပြု ပြောင်းလဲသုံးစွဲမှုတွေကို ကြိုးစားလုပ်သွားမယ်ဆိုပြီးတော့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဖွင့်ပွဲမှာ ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG