သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို အရေးယူရေး လုံခြုံရေးကောင်စီကို ကလင်တန်တိုက်တွန်း


ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ဆီးရီးယားငြိမ်းချမ်းရေးအစီစဉ်ကို ထောက်ခံ ပါရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းဖို့ ပြင်ဆင်နေပါပြီ။ သမ္မတ Bashar al-Assad အစိုးရရဲ့ အကြမ်းဖက်မှုတွေကို အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီးတဲ့နောက် ဝန်ကြီးကလင်တန်က ခုလို စီစဉ်နေတာဖြစ်ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာကျင်းပမယ့် ဆီးရီးယားအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အတူ ဝန်ကြီးကလင်တန် တက်ရောက်မှာ ဖြစ်ပါတယ်။

ဆီးရီးယားအကျပ်အတည်းပြေလည်ရေး သမ္မတ al-Assad ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ အာရပ်အဖွဲ့ ချုပ်ရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထပ်ဆင့် ထောက်ခံရေးအတွက် အနောက်နိုင်ငံကြီးတွေက စိုင်းပြင်းနေကြတာပါ။ အီရတ်အဖွဲ့ချုပ်ရဲ့ အဆိုပြုချက်ဟာ ဆီးရီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့အတွက် လက်မခံနိုင်ဘူးဆိုပြီး ဆီးရီးယားနိုင်ငံကတော့ ပယ်ချနေပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သဘောထားအမြင်တွေကို လေးစားတဲ့အနေနဲ့ ဆီးရီးယားအပေါ် အရေးယူမှဖြစ်မယ်လို့ ဝန်ကြီးကလင်တန်က မနေ့က တိုက်တွန်းထားပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆီးရီးယားအစိုးရရဲ့ အကြမ်းဖက် ရက်ရက်စက်စက် နှိပ်ကွပ်မှုကြောင့် ရာနဲ့ ချီတဲ့ အရပ်သားတွေ သေဆုံးခဲ့ရလို့ အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG