သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု မကွေးတိုင်းကျေးရွာတွေ ဖွံ့ဖြိုးရေးလေ့လာ


ဒေါ်စု မကွေးတိုင်းကျေးရွာတွေ ဖွံ့ဖြိုးရေးလေ့လာ
ဒေါ်စု မကွေးတိုင်းကျေးရွာတွေ ဖွံ့ဖြိုးရေးလေ့လာ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာဖွံဖြိုးရေး စီမံကိန်းတွေကို ဒီကနေ့ သွားလေ့လာခဲ့ပါတယ်၊

မြန်မာနိုင်ငံအတွက် ဖွံဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေကို နိုင်ငံတကာ အစိုးရတွေက အကူအညီတွေ ပေးလာတဲ့အခါ ထိရောက်တဲ့ ပူးပေါင်းကူညီမှုတွေလုပ်နိုင်အောင်နဲ့ လိုအပ်တာတွေကို အကြံပေး တောင်းဆိုနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာဖွံဖြိုးရေး စီမံကိန်းတွေကို ဒီကနေ့ သွားလေ့လာခဲ့ပါတယ်၊ နေ့ချင်းပြန်သွားခဲ့တဲ့ ဒီခရီးစဉ်လမ်းတလျှောက်အတွင်း ဒေသခံခလူထုအများအပြား ကြိုဆို နှုတ်ဆက် ခဲ့ကြတယ်ဆိုတော့ မသင်းသီရိရေ ဒီသတင်းအပြည့်အစုံဆက်ပြောပြပေးပါ ၊

မကွေးတိုင်း မြိုင်မြို့နယ်ထဲက ပဲပင်တိုက်နဲ့ ကျစ်ကြီး ကျေးရွာ ၂ခုမှာ ဗြိတိသျှအစိုးရ လက်အောက်မှာ ရှိတဲ့ DFID အဖွဲ့က ကူညီလုပ်ဆောင်ပေးနေတဲ့ ကျေးရွာ ဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းတွေကို ဒီကနေ့ ဇန်နဝါရီ ၃၁ အင်္ဂါနေ့မှာ ဒေါ်အောင်ဆန်းစုကြည်သွားရောက်လေ့လာခဲ့တာပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗြိတိသျှ သံအမတ်ကြီးလည်း လိုက်ပါသွားသလို နေ့ချင်းပြန် သွားခဲ့ကြတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုံးက တာဝန်ခံ တဦး ဖြစ်တဲ့ ဦးခွန်သာက ပြောပါတယ်၊

ဦးခွန်သာမြင့်။ “ဒီကနေ့ကတော့ ဗြိတိသျှအစိုးရရဲ့ Department For International Development ဆိုတဲ့ ဌာနက မြန်မာပြည်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းလေးတွေပေါ့။ အဲဒီထဲမှာ မြိုင်မြို့နယ် ထဲမှာ ရှိတဲ့ ရွာနှစ်ရွာက စခန်းလေးတွေနဲ့ လုပ်ငန်းစဉ်လေးတွေကို သွားကြည့်ပါတယ်။ လိုအပ်တာလေးတွေကို ဆွေးနွေးကြတာပေါ့။ မနက်က ရန်ကုန်ကထွက်လာပြီး ပုဂံ ညောင်ဦး ရောက်ပါတယ်။ ပြီးတော့ ပခုက္ကူ၊ ပခုက္ကူကနေမှ ရွာတွေ သွားပါတယ်။ ခု အပြန်ခရီးပါ။ နေ့ချင်းပြန်ခရီးပါ။”

ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို နိုင်ငံတကာက ပေးလာကြမယ့် ဖွံဖြိုူးရေးဆိုင်ရာ အကုူအညီတွေမှာ ထိရောက်တဲ့ ပူးပေါင်းမှုနဲ့အကူအညီတွေဖြစ်အောင် ကြိုတင်လေ့လာတာဖြစ်တယ်လို့ ပြောပါတယ်၊

အခု မြိုင်မြို့နယ်ထဲက အဲဒီကျေးရွာ ၂ခုမှာ ဗြိတိသျှအစိုးရရဲ့ DFID အဖွဲ့က ရေရရှိရေး စီမံကိန်းတွေ အပါအဝင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တွေဖြစ်တဲ့ အပ်ချုပ်လုပ်ငန်း၊ ယက္ကန်းလုပ်ငန်း မုန့်မျိုးစုံ လုပ်ငန်း နဲ့ ဆိုင်ကယ်ပြင်လုပ်ငန်းလိုမျိူးတွေမှာလည်း နည်းပညာပိုင်းဆိုင်ရာတွေနဲ့ အကူအညီ ပေးနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီစံမံကိန်းတွေဟာ ဘယ်လောက်ထိကျေးရွာလူထုဖွံဖြိူးမှုကို အထောက်အကူဖြစ်စေတယ်၊ ဘယ်လိုအခက်အခဲတွေတော့ ရှိနေသေးတယ်ဆိုတာတွေကို သိဖို့အတွက် ကျေးရွာလူထုနဲ့လည်း တွေ့ဆုံ မေးမြန်း တာတွေ လုပ်ခဲ့ပါတယ်။

ဦးခွန်သာမြင့်။ “ အပြည်ပြည်ဆိုင်ရာအစိုးရတွေက မြန်မာပြည်ကို အကူအညီပေးတဲ့အခါကျတော့ ခုဒါတွေကတော့ သိပ်မကြီးသေးဘူးပေါ့။ ဒါပေမဲ့ အများကြီးဝင်လာတဲ့အခါကျတော့ ဘာတွေ လုပ်ပေးသင့်တယ်၊ ဘယ်လိုပုံစံတွေဖြစ်သင့်တယ်ဆိုတာကို အကြံပေးလို့ ရအောင် တောင်းဆိုလို့ ရအောင် ပူးပေါင်းလို့ ရအောင်ပေါ့။ အဲဒီတော့ ဒါလေး သွားလေ့လာတာပေါ့။ တွေ့ကြတဲ့အခါကျတော့ ထိရောက်မှုရှိအောင်ရယ်၊ မှန်ကန်မှုရှိအောင်ရယ်၊ အဲဒါက အရေးကြီးပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုပြီးတော့ လုပ်ကြတဲ့အခါမှာ မှန်ကန်ဖို့လည်း လိုသေးတာကို။ ရတဲ့ ပိုက်ဆံတွေ အလဟဿဖြစ်မသွားဖို့လည်း လိုပါတယ်။ တကယ်တမ်းလက်တွေ့လုပ်နေတာတွေကို သွားဆင်းကြည့်တော့လည်း လိုအပ်တဲ့အရာတွေနဲ့ ဖြည့်ဆည်းပေးရမှာတွေ တွေ့တာပေါ့။ နောက်ပိုင်းအတွက် အထောက်အကူဖြစ်တာပေါ့။”

အခု ဦးခွန်သာမြင့်ကို ဆက်သွယ်မေးမြန်းချိန်မှာ ပခုက္ကူမြို့ထဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်း ဖြတ်နေတဲ့အချိန်ဖြစ်နေတာမို့ မြို့ခံလူထုတွေ ဒေါ်အောင်ဆန်းစုကြည်ကို အော်ဟစ်ကြိုဆို နှုတ်ဆက် နေကြတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်၊

ဦးခွန်သာမြင့် ။ “ မြိုင်မြို့နယ်က စခန်းလေးတွေမှာပါပဲ၊ လာကြိုကြတဲ့ လူတွေကို စကားပြောပါတယ်။ ပြန်ကာနီးကျတော့လည်း အကျိုးအကြောင်းပေါ့။ ရှေ့လျှောက်ပြီး ဘာလုပ်မလဲ၊ လိုအပ်တာတွေကို ဖြည့်ဆည်းဖို့ရယ် ပြည်သူတွေကိုယ်တိုင်ကလည်း တက်တက်ကြွကြွ ပါဝင်ဖို့ရယ်၊ ကိုယ့်အားကိုယ်ကိုးကြ ဖို့ရယ်၊ အများကြီးပြောပါတယ်။ လာတာကတော့ စည်းရုံးရေးခရီးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အစ်မ သွားတော့လည်း တမြို့လုံးထွက်ကြတာပါပဲ။ မနက်ကဆိုရင် ပခုက္ကူမြို့ထဲကို တနာရီကျော် ဖြတ်ယူရ ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မကွေးတိုင်း ခရီးစဉ်အတွင်းမှာ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့် ကို ဆက်သွယ်မေးမြန်းထားတာပါ၊ ဒီခရီးးစဉ်တလျှောက် ဒေသခံအာဏာပိုင်တွေဘက်လည်း လုံခြုံရေးတွေမှာ ဝိုင်းဝန်းကူညီခဲ့တယ်လို့ မြို့ခံတဦးကလည်း အခုလို ပြောပြပါတယ်။

“ ကူညီပါတယ်ခင်ဗျ၊ ရဲအရာရှိတွေ၊ နယ်ထိန်းတွေ လုံခြုံရေးမှူးတွေ၊ အရာရှိတွေ လိုက်ပါပြီးတော့ ကူညီကြပါတယ်။ ၂နာရီခွဲလောက်က ထွက်လာတာ၊ ခု ပခုက္ကူတံတားကြီးကို ရောက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကားတန်းနောက်မှာ ကျွန်တော်တို့ ပါလာပါတယ်။”

ပခုက္ကူမြိုခံပါရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစူကြည်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် တနင်္ဂနွေနေ့ကလည်း ထားဝယ်မြို့ကို ပါတီစည်းရူံးရေးခရီးစဉ်အဖြစ် သွားခဲ့သလို လာမယ့် ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးတိုင်း၊ တခါ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပုသိမ်မြို့ကိုလည်း သွားမှာ ဖြစ်သလို ကချင်နဲ့ရှမ်းပြည်နယ်ဘက်တွေကိုလည်း စည်းရုံးရေးခရီးတွေထွက်ဖို့ှရှိတယ်လို့လည်း NLD ပါင်္တိက ပြောပါတယ်၊၊

XS
SM
MD
LG