သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြမှု ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံး တက်ပြီ။


တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား နှစ်ထောင်ကျော်လောက် ဆန္ဒပြနေခဲ့ကြတာဟာ ခုဆိုရင် ၁၀ရက် ကျော် သွားခဲ့ပေမဲ့ ပြေလည်မှုမရတာကြောင့် အစိုးရပိုင်းဆီတိုင်ကြားဖို့ ဆောင်ရွက်နေပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာစက်မူဇုံ အမှတ် ၃ က တရုတ်သူဌေးပိုင် တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား နှစ်ထောင်ကျော်လောက် ဆန္ဒပြနေခဲ့ကြတာဟာ ခုဆိုရင် ၁၀ရက် ကျော် သွားခဲ့ပါပြီ။ ခုချိန်ထိ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ ညှိနှိုင်းလို့ မရသေးတာ ကြောင့် အလုပ်သမားတွေ အလုပ်ပြန်မဆင်းကြသေးပါဘူး။ အလုပ်သမားတွေက ဒီပြဿနာကို ဥပေဒေကြောင်းအရ ဖြေရှင်းနိုင်ဖို့အတွက် ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံးဆီ တိုင်ကြားနိုင်ဖို့ အလုပ်သမားခေါင်းဆောင်တွေ ရှေ့နေတွေနဲ့ ဒိကနေ့ တိုင်ပင် ခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေအနေနဲ့ လုပ်အားခနစ်နာကြေးတွေရဖို့အတွက် ဆန္ဒပြနေတာ ရက်အတော် ကြာလာတဲ့အချိန်မှာတော့ ပြဿနာကို ဥပဒေကြောင်းအရ ဖြေရှင်းဖို့ ကြိုးစားလာခဲ့ကြတာပါ။ မနက်ဖြန်မှာတော့ အလုပ်သမားနဲ့ အလုပ်ရှင်တွေ ကြား ဖြေရှင်းမူပေးနိုင်မယ့် ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံးကို တက်နိုင်ဖို့အတွက် ပြင်ဆင် နေကြောင်း ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။

“မနက်ဖြန်မှာ ဝါဏိဇ္ဇပဋိပက္ခကော်မီတီ ခုံရုံးကို တင်သွင်းဖို့အတွက် သဘောတူညီချက်တွေ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အလုပ်ရှင်ဘက်ကတော့ ညှိနှိုင်းဆွေးနွေးဖို့ လမ်းဖွင့်တာ မရှိတော့ပါဘူး။ ဥပဒေကြောင်းအရ နောက်ထပ် စားပွဲဝိုင်း ပေါ်လာနိုင်ဖို့ အတွက်ဆိုရင် တပိုင်းကလည်း ကျနော်တို့ သူ့ကို အရေးဆိုနေရုံ တောင်းဆိုနေရုံနဲ့ မပြီးဘဲ ကျနော်တို့ဘက်ကနေ အစိုးရကပါ ပါဝင်လာနိုင်ဖို့ နည်းလမ်းကို ရှာဖွေရပါမယ်။ အစိုးရ ပါဝင် ဖြေရှင်းလာနိုင်မယ့် နည်းလမ်းက ဝါဏိဇ္ဇပဋိပက္ခကော်မီတီ ခုံရုံးကို တင်သွင်းဖို့နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါမှသာ အလုပ်သမားဘက်ကလည်း တရားဝင် အရေးဆိုခွင့် ရှိလာမယ်။ အလုပ်သမားဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက် တစုံတရာကို ကျနော်တို့ ခံယူနိုင်မှာဖြစ်ပါတယ်။”

အခြေခံလစာကိုတောင် အလုပ်ရှင်ဘက်က တိုးပေးဖို့ ရည်ရွယ်ချက်မရှိတဲ့အတွက် အလုပ်သမားတွေအနေနဲ့ ဥပဒေကြောင်းအရ နစ်နာမှုတွေအတွက် တောင်းဆိုဖို့ လုပ်ဆောင်ရတာ ဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင် အမျိုးသမီးတဦးကလည်း ပြောပါတယ်။

“အလုပ်သမားတွေရဲ့ အနေအထားက လစာက ခိုင်မာမှုရှိတဲ့ လစာမျိုး၊ ကိုယ့်လုပ်အား နဲ့ ထိုက်တန်တဲ့လစာမျိုး လိုချင်တယ်၊ အလုပ်ရှင်ကလည်း ဒါကို တိုးမပေးနိုင်ဘူး။ အလုပ်သမားတွေကလည်း သဘောမတူနိုင်ဘူး။ ဒါကြောင့် အခြေနေ တင်းမာနေတာ ကြောင့် ဝါဏိဇ္ဇပဋိပက္ခကော်မီတီ ခုံရုံးနဲ့ ဖြေရှင်းဖို့ပဲ လုပ်တာပါ။”

ဝါဏိဇ္ဇပဋိပက္ခရုံးရဲ့ ဖြေရှင်းပေးမူက အလုပ်သမားတွေအတွက် ဘာတွေများ အကျိုး ဖြစ်ထွန်းတာတွေ ရှိနိုင်မလဲလို့ မေးတဲ့အခါမှာတော့

“ဒါကတော့ ကျမတို့က ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လုပ်တာပေါ့၊ ကျမတို့ ခုလို လုပ်တာကြောင့် ဥပဒေဘောင်ထဲမှာ ရှိသင့်ရှိအပ်တဲ့ အလုပ်သမားနဲ့ အလုပ်ရှင် အတွက် တကယ် မှန်ကန်တဲ့ ဥပဒေနည်းလမ်းတရပ်လည်း ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ ရလဒ်ဆိုတာကတော့ ရုံးရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်တာပေါ့။ ဒါကိုတော့ ကြိုပြောလို့ မရဘူးပေါ့နော်။”

အလုပ်သမားခေါင်းဆောင် ၄၀ကျော်နဲ့ ရှေ့နေတွေက ဒီကနေ့ ဆွေးနွေးချက်တွေကို ဆန္ဒပြနေတဲ့အလုပ်သမားတွေကို မနြက်ဖန်မှာချပြပြီးတော့ အများစုရဲ့ ဆုံးဖြတ်ချက် အတိုင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အလုပ်သမားခေါင်းဆောင်တွေကတော့ ဝါဏိဇ္ဇပဋိပက္ခရုံးကို တက်ပြီး ဥပဒေကြောင်းအရသာ လုပ်ဆောင်သွားဖို့ အစီစဉ်ရှိတဲ့အကြောင်း ပြောဆို သွားပါတယ်။

တိုင်ရီဖိနပ်စက်ရုံဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဆန္ဒပြမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အပြည့်မဝမရရှိခဲ့ဘူးလို့ ဆိုပါတယ် ။

အခုတခေါက် ၁၀ရက်ကျော် ကြာဆန္ဒြပမူတွေအတွင်းမှာလည်း အလုပ်သမား ကြီးကြပ် ရေး ကော်မီတီက တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်အလုပ်သမား ပြဿနာကို ၃ ကြိမ် ထက်မနည်း ဖြေရှင်းးခဲ့ပေမဲ့ ပြဿနာဟာ ပြေလည်မှု မရခဲ့ဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG