သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တောင်ပိုင်း မြစ်ရေ ဓာတုအဆိပ်သင့်မှု လူ ခုနစ်ဦးကို ဖမ်းဆီး


တရုတ်ပြည်တောင်ပိုင်းက မြစ်တစ်မြစ်ထဲမှာ စက်မှုလုပ်ငန်းတွေက အဆိပ်သင့် ဓာတုပစ္စည်း Cadmium စီးဝင်ခဲ့တာကြောင့် တာဝန်ရှိတဲ့ ကုမ္ပဏီတွေက အလုပ်အမှုဆောင် အရာရှိ ၇ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ တရုတ်က ပြောပါတယ်။ ခု ဖြစ်ရပ်ကြောင့် ဒေသခံ ပြည်သူ သန်းပေါင်းများစွာ အနေနဲ့ ရေသုံးစွဲမှု အန္တရာယ် ကြုံတွေ့နေရပါတယ်။

Liujiang မြစ်အတွင်း မှာ ဓာတုပစ္စည်း အဆိပ်သင့်တဲ့အတွက် ငါးတွေ သေကြတယ်လို့ တရုတ်နိုင်ငံ အစိုးရမီဒီယာတွေက သတင်းရေးသားခဲ့ကြပြီးတဲ့နောက် ၂ ပတ် အကြာ Guangxi ဒေသမှာ ခုလို ဖမ်းဆီးလိုက်တာပါ။

မြစ်ကြောင်းတလျှောက် မိုင် ၆၀ လောက် အဆိပ်သင့်စေခဲ့တဲ့ ဓာတုပစ္စည်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ကိုတော့ အာဏာပိုင်တွေက မထုတ်ပြန်ခဲ့ပါဘူး။

ခုလို အဆိပ်သင့်ခဲ့တာကြောင့် ဒေသခံတွေဟာ ရေပုလင်း၊ ရေဗူးတွေကို ထိတ်လန့်တကြား ဝယ်ယူကြရတဲ့အဖြစ် ရောက်ခဲ့ရပါတယ်။ အဖမ်းခံလိုက်ရတဲ့ သူ ၇ ယောက်လုံး ဟာ Guangxi ဒေသ ဓာတုကုမ္ပဏီက တာဝန်ရှိသူတွေ ဖြစ်တယ်လို့ တရုတ်နေ့စဉ် သတင်းစာက အင်္ဂါနေ့က ဆိုပါတယ်။

ဓာတု ပစ္စည်း Cadmium ကို ဘက်ထရီတွေ လုပ်ရာမှာ အသုံးပြုပါတယ်။
အခြေအနေကို ထိန်းနိုင်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ရေမှာ cadmium ဓာတု ပစ္စည်း ပါဝင်မှုက ဒေသခံ ရေအားလျှပ်စစ် စက်ရုံနားမှာရှိတဲ့ ရေလှောင်ကန်ရဲ့ အောက်ပိုင်း မြစ်ရေမှာ ၂၅ ဆ မြင့်မားနေမြဲ ဖြစ်နေပါတယ်။ ဓာတုပစ္စည်းပါဝင်မှုကို အဲဒီ ရေလှောင်ကန်မှာ စတွေ့ခဲ့တာပါ။

XS
SM
MD
LG