သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလုံးရန်ပွဲ မတားနိုင်မှု အီဂျစ်လူထုရှုတ်ချ


ဘောလုံးရန်ပွဲ မတားနိုင်မှု အီဂျစ်လူထုရှုတ်ချ
ဘောလုံးရန်ပွဲ မတားနိုင်မှု အီဂျစ်လူထုရှုတ်ချ

အီဂျစ်နိုင်ငံမြောက်ပိုင်း Port Said မြို့က ဘောလုံးပွဲ အဓိကရုဏ်းကြောင့် လူ ၇၄ ယောက် သေဆုံးပြီး ရာချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတဲ့အထိ ဖြစ်ခဲ့ရတဲ့အတွက် အာဏာရ စစ်ကောင်စီနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ပြစ်တင်ရှုတ်ချပြီး ကိုင်ရိုမြို့တော်မှာ လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတချို့ကတော့ မြို့တော်မှာရှိတဲ့ Tahrir ရင်ပြင်မှာ ကြာသပတေးနေ့က စုဝေးခဲ့ကြသလို ပြည်ထဲရေး ဝန်ကြီးဌာန အနီးကို ချီတက်သွားသူတွေကိုတော့ လုံထိန်းတပ်ဖွဲ့တွေက မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ဟန့်တားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ အဓိကရုဏ်းအတွင်း ဒဏ်ရာရခဲ့သူတွေအပါအဝင် လွတ်မြောက်လာသူတွေ ပြန်လည် ရောက်ရှိလာကြတဲ့ ကိုင်ရိုဘူတာ အနီးမှာလည်း လူအုပ်တအုပ်က စစ်အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

အားကစား ရာဇဝင်မှာ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ အဖြစ်အပျက်အတွက် အစိုးရက အီဂျစ်ဘောလုံး အဖွဲ့ချုပ် ဘုတ်အဖွဲ့ကို အလုပ်ဖြုတ်လိုက်သလို Port Said မြို့ အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတာဝန်ရှိသူ အကြီးအကဲတွေကိုလည်း တာဝန်က ရပ်စဲထားလိုက်ပြီလို့လည်း စစ်တပ်က ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် Kamal al-Ganzuri က ပြောလိုက်တာပါ။ အပြစ်ပေး အရေးယူဖို့ ဆုံးဖြတ်ချက်ကိုတော့ လွှတ်တော် အရေးပေါ် အစည်းအဝေးအတွင်း ကြေညာခဲ့တာလို့လည်း ပြောပါတယ်။

အီဂျစ် စစ်ကောင်စီ အစိုးရရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Mohamed Tantawi ကတော့ နိုင်ငံတော် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၃ ရက်ကြာ သတ်မှတ်ဖို့ ကြေညာလိုက်သလို တာဝန်ရှိသူတွေကို ဖော်ထုတ်မယ်လို့လည်း ပြောခဲ့တာပါ။ ရဲတပ်ဖွဲ့ကတော့ လောလောဆယ် သံသယရှိသူ လူ ၄၇ ယောက်ကို ဖမ်းဆီးထားပါတယ်။

XS
SM
MD
LG