သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ပုသိမ် မြောင်းမြ တခဲနက်ကြိုဆို

Myanmar pro-democracy icon Aung San Suu Kyi, right in front, accepts candidate list of her National League for Democracy at Yangon District Elections Commission Office for upcoming elections Monday, Feb. 6, 2012 in Yangon, Myanmar. The commission on Monda
Myanmar pro-democracy icon Aung San Suu Kyi, right in front, accepts candidate list of her National League for Democracy at Yangon District Elections Commission Office for upcoming elections Monday, Feb. 6, 2012 in Yangon, Myanmar. The commission on Monda

ပုသိမ်နဲ့ မြောင်းမြမြို့တွေဘက် ပါတီစည်းရုံးရေးခရီးထွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံပြည်သူတွေက ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်၊

ဧရာဝတီတိုင်း ပုသိမ်နဲ့ မြောင်းမြမြို့တွေဘက်ကို ပါတီစည်းရုံးရေးခရီးထွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံပြည်သူတွေက ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်၊ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ဒုတိယတကြိမ် ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရဖို့ အနီးအနား ရွာတွေကလူတွေကပါ ရောက်လာကြပြီး ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံ ကြိုဆိုခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားတွေကြောင့်လည်း အားတက်ရပါတယ်လို့လည်း ပြောကြတဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါမယ်၊

ဒီကနေ့ မနက် ပုသိမ်မြို့မှာ ထောင်ပေါင်းများစွာသော ပြည်သူတွေရဲ့ ကြိုဆို နှုတ်ဆက်တာ ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည့်ဟာ ပုသိမ်ကနေ မြောင်းမြမြို့ဆီကို နေ့ချင်း ခရီးဆက် ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ယဉ်တန်းသွားရာ လမ်းတလျှောက်မှာ ပြည်သူလူထုတွေက ဝိုင်းပြီး နှုတ်ဆက် နေကြတဲ့အခြေအနေကို မြောင်းမြမြို့က ကိုမျိုးလွင်က ခုလို ပြောပြပါတယ်၊

“လူတွေက လမ်းမှာ ကြိုနေကြတာ အများကြီးပဲ။ အဲဒီလူတွေက တားထားပြီးတော့ ဒေါ်စုကို ပန်းစည်းတွေပေးတယ် နှုတ်ဆက်တယ်ဆိုတော့ ဒေါ်စုက အဲဒီ လူအုပ်စုတိုင်း အုပ်စုတိုင်းကို စကားပြောပါတယ်ခင်ဗျ။”

ခုလို လမ်းတလျှောက်မှာ ပြည်သူတွေကို နှုတ်ဆက်စကားပြောနေတာကြောင့် မြောင်းမြမြို့ဆီကို ရောက်ရမယ့်အချိန်ထက် နောက်ကျနေတာတောင်မှ စောင့်နေကြတဲ့ မြောင်းမြမြို့နယ်က ပြည်သူတွေဟာ ပူပြင်းတဲ့ နေရောင်ဒဏ်အောက်မှာ စောင့်နေခဲ့ကြတာပါ၊

“တမြို့လုံး ခုကြားရတဲ့အတိုင်းပါပဲ၊ သီချင်းတွေဖွင့်ပြီး လူတွေလည်း လှုပ်လှုပ်ရှားရှားနဲ့ မကရုံတမယ်ပါပဲ၊ အလံလေးတွေ သောင်းဂဏန်းလောက်ချီတယ်၊ လူတိုင်းကိုင်ထားပြီးတော့ ဝှေ့ရမ်းပြီးတော့ အဲလို ပျော်နေကြပါတယ်။ လူတိုင်းရင်ထဲမှာ ပျော်နေကြတယ်။”

မြောင်းမြမြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ရပ်ကွက် ကျေးရွာတွေက ပြည်သူတွေကပါ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ချင်လို့ မြောင်းမြမြို့ပေါ်ကို တက်လာကြတာ ထောင်ချီရှိတယ်လို့ မြို့ခံ ကိုမျိုးလွင်က ပြောပါတယ်၊

“မြောင်းမြမြို့ပေါ်မှာ ရပ်ကွက် ၁၂ခုရှိတယ်၊ မြောင်းမြမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၉၄ အုပ်စု လောက် ရှိတယ်၊ အဲဒီရွာတော်တော်များများက တက်လာတာ၊ ကားတွေ လှည်းတွေ သင်္ဘောတွေနဲ့ လာကြတယ်။ အိမ်မဲတို့ မအူပင်တို့ ပုသိမ်တို့က ကားနဲ့လာကြတယ်။”

ခုလို ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့ဆီကို မလာခင် ပုသိမ်မြို့ကို အရင်သွားပြီး ပြည်သူလူထုနဲ့ တွေ့ဆုံ ဟောပြောခဲ့တာဖြစ်ပါတယ်၊ အဲဒီပွဲမှာလည်း လူတွေ ကျိတ်ကျိတ်တိုးလာအားပေးကြတယ်လို့ ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူ ဦးအောင်တင်ဦးက ပြောပြပါတယ်၊ အာဏာပိုင် တွေဘက်က တားဆီးနှောင့်ယှက်တာမျိုးမရှိတဲ့အတွက် အားလုံးအဆင်ပြေတယ်လို့ ဆိုပါတယ်၊

“ကျနော်တို့တားမရလောက်အောင်ပဲ တိုးကြတဲ့အထိ။ ကျနော်တို့ ကာရတာပေါ့။ နောက်တော့လည်း စည်းနဲ့ ကမ်းနဲ့ သွားဖို့ ပြောတော့လည်း ကွင်းထဲသွားကြပါတယ်။ ကွင်းထဲမှာက လူ ငါးသောင်း လောက် ရှိမယ်။ အပြင်မှာလည်း မနည်းဘူး။ လမ်းတွေ အတော်များများ အကုန်ပြည့်သွားတာ။ ကွင်းပတ်ပတ်လည်မှာရော ၊ အနောက်ဘက်က ဘုန်းကြီးကျောင်းဝင်းထဲမှာရော။ အားလုံး အဆင်ပြေပါတယ်။ အနှောက်အယှက်လည်း မရှိတော့လေ။ အဆင် တော်တော်ပြေပါတယ်။ ဒီတိုင်းအေးအေးဆေးဆေးဖြစ်သွားပါတယ်။”

၁၉၈၉ ခုနှစ်က နောက်ဆုံး ပုသိမ်မြို့ဆီကို ဒေါ်အောင်ဆန်းစုကြည်လာခဲ့တာဖြစ်လို့ အခုတခေါက် ထပ်လာတဲ့အပေါ်မှာ ဒေသခံတွေက အတိုင်းမသိ ဝမ်းသာကြတာဖြစ်တယ်လို့ မြို့ခံတယောက်က ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလဲ လူထုနဲ့ တွေ့ဆုံ ဟောပြောမယ့် ကိုးသိန်း အားကစားကွင်း ဆီ အသွား အမိုးဖွင့်ကားပေါ်ကနေ ပုသိမ်ထီးဆောင်းပြီးတော့ လမ်းတဘက်တချက်က ပြည်သူတွေ ကို နှုတ်ဆက်ပါတယ်၊

“တော်တော်တော့ ဝမ်းသာဖို့ ကောင်းပါတယ်။ ကျနော်တို့ အမေကို တွေ့ရတာပဲ၊ ကျနော်တို့ မနက် ၆နာရီကတည်းက ရုံးဝင်းထဲမှာ၊ ကလေးတွေဆိုလည်း တက်တက်ကြွကြွနဲ့၊ တချို့ အသက်ကြီးပိုင်း တွေ၊ အသက် တရာကျော်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေတောင်လာပါတယ်။ ကျနော်တို့ ချစ်လည်း ချစ်တယ်၊ ကျနော်တို့က အမေ့ကို နဂိုကတည်းက လေးစားတာကိုး၊ အတိုင်းအဆမရှိ ဝမ်းသာသွားတာပေါ့။ မတွေ့စဖူးတွေ့ရတာလေ၊ ကျနော်တို့မှာ။ တချို့ဆိုရင် စက်လှေတွေနဲ့ လာတယ်၊ ပင်လယ်ပိုင်းကဆိုလည်း သင်္ဘောတွေနဲ့လာတယ်။ ကားလမ်းတွေကလည်း လူထုနဲ့ ပြည့်ကျပ်ညပ် နေတော့လေ တယောက်နဲ့တယောက် ညီအကိုမောင်နှမတွေလို စိတ်ထားတွေ ပြလိုက်တာပေါ့လေ။ ဧရာဝတီတိုင်းက အမေစုကို ဘယ်လို ကြိုဆိုတယ်ဆိုတာကို အမေစုလည်း မျက်မြင်တွေ့သွားတာပေါ့ နော်။”

ပုသိမ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့်ခွန်းကတော့ အလုပ်အကိုင်တွေ ဖန်တီးပေး နိုင်ဖို့၊ ပြည်သူ့ တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ နောက် ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေအတွက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ရတာဖြစ်တယ် ဆိုတာကို အဓိက ပြောကြားသွားပါတယ်၊ ပြည်သူတွေ စည်းကမ်းရှိဖို့ ကိုယ့်ရဲ့ အစွမ်းအစကို သင့်တော်တဲ့ နေရာမှာ အသုံးချကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်၊ နောက် မြန်မာနိုင်ငံမှာ ရှားရှားပါးပါး လုပ်တဲ့ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ မဲပြားကို ပယ်မဲ မဖြစ်အောင် သတိထားကြဖို့ကိုလဲ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ပြောသွားပါတယ်၊

“မဲနိုင်ရင် မရှိဆင်းရဲသားတွေနဲ့ ပြည်သူလူထုအတွက် လုပ်ပေးဖို့ကို တော်တော်ပြောသွားပါတယ်၊ ပြည်သူလူထုကောင်းစားဖို့ ပြောပါတယ်။ ကျနော်တို့က ဝမ်းသာတယ်၊ ကျနော်တို့နိုင်ငံကောင်းအောင် လုပ်မှာဖြစ်တဲ့အတွက် ကျနော်တို့ တော်တော်ဝမ်းသာတယ်၊ အားလည်းရှိတာပေါ့ဗျာ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကြောင့် အားတက်တယ်ဆိုတဲ့ ပုသိမ်မြို့သားက မိန်းခွန်းစကား ထဲက သူနှစ်သက်တဲ့အပိုင်းကိုလည်း ခုလို ပြောပြပါတယ်၊

“အမေကတော့ ပညာတတ်တွေပေါပြီး အဲဒီပညာကို အသုံးမချတတ်ရင် အလကားဖြစ်မယ်လို့ ပြောတာကို ကျနော်တော်တော်ကြိုက်တယ်ဗျ”

ဆင်းရဲနေကြတဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝတွေအတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ တာဝန်တွေကြီးလာပြီလို့ မြောင်းမြမြို့နယ်အားကစားကွင်းမှာပြောတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားခဲ့ပါတယ်၊ အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို ပြန်သွားကြပြီဖြစ်ပါတယ်ရှင်၊

This item is part of
XS
SM
MD
LG