ြပီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က မြန်မာအစိုးရနဲ့ နှုတ်အားဖြင့် ငြိမ်းချမ်းရေးယူခဲ့တဲ့ KNU-KNLA ငြိမ်းချမ်းရေးကောင်စီဟာ မနေ့တုန်းက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ပဏာမအဆင့် သဘောတူညီချက်ကို နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက်၊ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်နဲ့ ငြိမ်းချမ်းရေးကောင်စီဘက်က ဗိုလ်မှူးချုပ်ရင်နု ဦးဆောင်ပြီးလက်မှတ်ရေးထိုးခဲ့ကြတာပါ။
ငြိမ်းချမ်းမှုနဲ့အတူ ဖ့ွံဖြိုးတိုးတက်မှုတွေ လုပ်ဆောင်ခွင့်ပေးဖို့အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ကြောင်း KNU-KNLA ငြိမ်းချမ်းရေးကောင်စီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာတီမသေက ပြောပါတယ်။
“ဖြစ်နေတဲ့ ပြဿနာတွေပေါ့လေ၊ တပ်မတော်ကနေ ဝင်ပြီးတော့ စစ်ထိုးတာတွေ - အဲဒါမျိုးတွေကို ကျနော်တို့က တင်ပြတယ်။ ပြီးတော့ စစ်မဲ့ဇုန်လုပ်ဖို့ရယ်၊ ကျနော်တို့ပြောတာ ၃ ချက်ရှိတယ်။ ငြိမ်းချမ်းရေးက ဖွံ့ဖြိုးရေးရှိရမယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးမရှိဘဲနဲ့ လူထုအတွက် ဘာမှ အကျိုးမရှိဘူး ဆိုရင်တော့ ကျနော်တို့လုပ်တဲ့ ငြိမ်းချမ်းရေးကလည်း အလကားပဲ။ ပထမတော့ ကျနော်တို့ လက်မှတ် မထိုးခဲ့ဘူး။ မထိုးခဲ့တာက ကျနော်တို့က ပြည်သူကို ကိုယ်စားပြုတယ်။ ဒါပေမယ့် ကျနော်တို့က ပြောရင်း ပြောရင်းနဲ့ ပြည်သူ့အကျိုးမရှိလို့ရှိရင် လုံးဝ လက်မှတ်မထိုးဘူးလို့ ကျနော်တို့ ပြောတယ်။ ဆိုင်းထိုးပြီးတဲ့ နေ့မှာက လက်တွေ့ ကျနော်တို့က အစိုးရအနေနဲ့ ပံ့ပိုးမှုတွေ၊ အကောင်အထည်ဖော်မှုတွေကို လုပ်ပိုင်ခွင့်တွေ ကျနော်တို့ ကရင် အဖွဲ့အစည်းကို ပေးရမှာဖြစ်တယ်”
ငြိမ်းချမ်းရေး သဘာတူညီချက်တွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာကတော့ -
“နိုင်ငံတော် စည်းတံဆိပ်နဲ့ သေသေချာချာ လူကြီးတွေနဲ့ လုပ်တဲ့ဟာတွေကို နိုင်ငံတော် စည်းတံဆိပ် ပါရမယ်။ နောက်ပြီးတော့ တပ်မတော်နဲ့ ကရင်ပြည်နယ် ငြိမ်းချမ်းရေးတို့အကြား လက်ရှိ တည်ရှိနေသော ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းပြီး ကျနော်တို့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားမှာပေါ့။ ကျနော်တို့က အပစ်အခတ်ရပ်စဲရေးမဟုတ်ဘူး။ ငြိမ်းချမ်းရေး။
နံပါတ် ၂ က - KNU-KNLA ငြိမ်းချမ်းရေးအဖွဲ့ဝင်များကို ထော့ကိုပိုးနေရာတွင် အခြေပြုနေထိုင်ရန် သဘောတူရမည်။
နံပါတ် ၃ က နှစ်ဘက် အပြန်အလှန် ပြောဆိုဆွေးနွေး ဆက်ဆံမှုများ ပြုလုပ်နိုင်ရန်အတွက် နှစ်ဘက် သဘောတူညီသော နေရာများတွင် နှစ်ဘက် သဘောတူညီသော ပုဂ္ဂိုလ်များဖြင့် ဆက်ဆံရေးဌာန စခန်းများကို ထူထောင်မည်။
ကုမ္ပဏီ၏ စီးပွားရေး၊ ဆက်ဆံရေးရုံးများကို ဖားအံ၊ မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မောထောင်၊ ကော့သောင်းတို့တွင် ထားရှိမည်။ နံပါတ် ၄ အချက်က နှစ်ဘက် သဘောတူညီထားသော နယ်မြေများမှ အပ နယ်မြေကျော်လွန် လက်နက်ကိုင်ဆောင်သွားလာမှုကို နှစ်ဘက် ကြိုတင်ညှိနှိုင်းပြီး ဆောင်ရွက်ရမည်”
တဘက်ကို ကိုယ်စားလှယ် ၄ ဦးစီ လက်မှတ်ရေးထိုးပြီး သဘောတူခဲ့ပြီး သဘောတူညီမှု လုပ်တဲ့အထဲမှာ တဖက်နိုင်ငံမှာ အခြေချ နေထိုင်နေရတဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး၊ ကရင်လူထုရဲ့ ပညာရေး၊ ကျန်းမာရေး၊ လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်တွေရဖို့ ကိစ္စတွေကိုလည်း သဘောတူညီချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာအစိုးရက ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က KNU-KNLA ငြိမ်းချမ်းရေးကောင်စီကို နယ်ခြားစောင့် တပ် အတင်းအကျပ်လုပ်ခိုင်းခဲ့ဖူးပေမဲ့ ငြိမ်းချမ်းရေးကောင်စီက ငြင်းပယ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ကောင်စီဟာ ၂၀၀၇ ခုနှစ်မှာ ကရင်အမျိုးသားအစည်းအရုံး၊ KNU ကနေ ခွဲထွက်ပြီး မြန်မာအစိုးနဲ့ နှုတ်အားဖြင့် ငြိမ်းချမ်းရေး ရယူခဲ့ပါတယ်။ အခုအခါမှာတော့ သဘောတူညီချက်ကို လက်မှတ်ရေထိုးတာ ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်ရှင်။