သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေသိမ်းခံရသည့် တရုတ်လယ်သမား လေးပုံတပုံ နစ်နာကြေးမရ


တရုတ်နိုင်ငံမှာ အစိုးရရဲ့ မြေယာသိမ်းယူမှု ခံခဲ့ရတဲ့ တရုတ်နိုင်ငံသား အရေအတွက် တိုးလာတာ တွေ့ရတယ်လို့ အင်္ဂါနေ့က အသစ်ထုတ်ပြန်လိုက်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

တရုတ်ကျေးလက်ဒေသနေ တောင်သူလယ်သမားတွေရဲ့ ၄၃% ကျော်ကျော်လောက်ဟာ ၁၉၉၀ နှောင်းပိုင်းနှစ်တွေလောက်ကတည်းကစပြီး အစိုးရရဲ့ မြေယာ သိမ်းပိုက်မှုကိုခံခဲ့ရတယ်လို့ စစ်တမ်း ကောက်ယူရာမှာ တွေ့ရှိခဲ့ရပါတယ်။ မြေအသိမ်းခံရမှုဟာ ၂၀၀၇ ခုနှစ်ကစပြီး သိသိသာသာ တိုးလာခဲ့တယ်လို့ဆိုပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့ ဒေသက လယ်ပိုင်ရှင်တွေထဲက လေးပုံတပုံလောက်ဟာ သူတို့မြေယာ အသိမ်းခံခဲ့ရတဲ့အတွက် လျော်ကြေး တစုံတရာ မရခဲ့ဘူးဆိုတာ တွေ့ရပါတယ်။ လျော်ကြေး ရခဲ့သူတွေကလည်း သူတို့ ပိုင်ဆိုင်မှုနဲ့ မထိုက်တန်တဲ့ နည်းပါးတဲ့ လျော်ကြေးကိုသာ ရခဲ့တာပါ။

ဒီစစ်တမ်းကို အမေရိကန် အခြေစိုက် Landesa လန်ဒီစာ ကျေးလက်ဖွံ့ဖြိုးရေး သိပ္ပံက တရုတ်နိုင်ငံ ဘေဂျင်းမှာရှိတဲ့ Renmin ရင်မင်း တက္ကသိုလ်နဲ့ ပူးတွဲပြုစုခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၁ ခု နှစ်လယ်မှာ တရုတ်နိုင်င်ငံက ခရိုင် ၁၇ ခရိုင်မှာရှိတဲ့ တောင်သူလယ်သမား ၁,၇၀၀ ကျော်ကို လူတွေ့ မေးမြန်းပြီး ကောက်ယူခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တရုတ်အစိုးရအနေနဲ့ တရုတ် တောင်သူလယ်သမားတွေရဲ့ ရပိုင်ခွင့်ကို ပိုမိုအကာကွယ်ပေးရမှာဖြစ်တဲ့အကြောင်းနဲ့ တကယ်လို့ သူတို့ရဲ့ မြေယာတွေကို နိုင်ငံဖွံ့ဖြိုးရေးအတွက် သိမ်းယူခဲ့ရင် အမြတ်အစွန်းခွဲဝေရာမှာ ပိုပြီး များများပေးဖို့ပါ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG