မော်လဒိုက်ဗ်နိုင်ငံမှာ ၀ါရင့်တရားသူကြီးတစ်ဦးကို ဖမ်းဆီးဖို့ သမ္မတ Mohamad Nasheed က အမိန့်ထုတ်ပြန်ခဲ့ရာက အငြင်းပွားစရာတွေ ဖြစ်ခဲ့ရပြီးတဲ့နောက် သမ္မတ Nasheed ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ သီတင်းပတ်သုံးပတ်ကြာ ပေါ်ပေါက်လာခဲ့ရာက ဖေဖေါ်ဝါရီ (၇)့က်နေ့မှာတော့၊ သူ သမ္မတ ရာထူးကနေ နုတ်ထွက်လိုက်ပြီလို့၊ Mr. Nasheed က နိုင်ငံကို ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။
မြို့တော် Male မှာ သမ္မတ Nasheed အစိုးရကို ပုန်ကန်ကြတဲ့ ရဲတပ်ဖွဲ့ ၀င်တွေ၊ အစိုးရပိုင် ရုပ်သံလွှင့်ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီး မကြာခင်မှာ၊ သမ္မတ Nasheed အခုလို ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။ အစောပိုင်းမှာ၊ ပုန်ကန်ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အစိုးရကို ဆန့်ကျင်သူတွေရဲ့ ဆန္ဒပြပွဲကို သွားရောက်ပူးပေါင်းလိုက်ကြပြီးတော့၊ အာဏာရပါတီရဲ့ အစိုးရကိုထောက်ခံ ဆန္ဒပြ သူတွေကို သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်၊ စစ်သားတွေရောက်ရှိလာပြီး နှစ်ဘက်လုံးကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဆ်လူစုခွဲခဲ့ပါတယ်။
သူ့အနေနဲ့က တော့ အာဏာ ကို ဆက်ပြီး ထိန်းသိမ်းထားရေး အင်အားကို သုံးဖို့ ဆန္ဒမရှိဘူးလို့၊ သူ့ရဲ့ ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ Mr. Nasheed က ပြောသွားခဲ့ပါတယ်။ သူသာ သမ္မတ ရာထူးကို ဆက်ပြီး ဆုပ်ကိုင်ထားရင်၊ တုန့်ပြန်ရိုက်ခတ်မှုတွေ အများကြီးပေါ်ပေါက်လာပြီး၊ တိုင်းပြည်ကို ထိခိုက် နစ်နာစေမှာ ဖြစ်တာကြောင့်၊ ဒီကနေ့က စပြီး၊ မော်လဒိုက်ဗ်နိုင်ငံ သမ္မတအဖြစ်ကနေ သူနုတ်ထွက်တယ်လို့၊ Mr. Nasheed က လူထုကို ပြောကြားသွားခဲ့ပါတယ်။ Mr. Nasheed ဟာ သူ့ရဲ့ သမ္မတရာထူး ကို ဒုသမ္မတ ဖြစ်သူ Mohammed Waheed Hassan ကို လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။