သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒုက္ခသည် ကူညီရေး ထိရောက်စွာ ဆောင်ရွက်ဖို့ ကုလတိုက်တွန်း


တိုင်းရင်းသားဒုက္ခသည် ကူညီရေး ထိရောက်စွာ ဆောင်ရွက်ဖို့ ကုလတိုက်တွန်း
တိုင်းရင်းသားဒုက္ခသည် ကူညီရေး ထိရောက်စွာ ဆောင်ရွက်ဖို့ ကုလတိုက်တွန်း

ပဋိပက္ခတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသခံတွေဆီ အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr.Vijay Nambia က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသခံတွေဆီ အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံမှာ ၅ရက်ကြာခရီးရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr.Vijay Nambia က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ခရီးစဉ်ရဲ့ ၃ရက်မြောက်နေ့မှာ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့ကတည်းက ရောက်ရှိလာတဲ့ Mr.Nambia က နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံတုန်း ခုလို တိုက်တွန်းသွားတာပါ။ အပြည့်အစုံကို မအေးသန္တာကျော်က ဆက်ပြောပြပါမယ်။

Mr.Nambia ဟာ အင်္ဂါနေ့နေ့လယ်ပိုင်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်က ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်လို့ Mr.Nambia ကို ရှင်းပြခဲ့တယ်လို့ ဒီတွေ့ဆုံပွဲမှာ ပါဝင်တဲ့ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မီတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောပါတယ်။

“ကျနော်တို့ လွှတ်တော်မှာ ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ဆောင်ရွက်နေတယ်။ ကော်မီတီတွေအနေနဲ့လည်း ဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်။ တရားဥပဒေနဲ့ ပတ်သက်လို့လည်း လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့လည်း ဆွေးနွေးနေတာရှိတယ်။ ဥပဒေတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ရမယ့်ဥပဒေ ရှိတယ်။ အစားထိုးရမယ့် ဥပဒေရှိပါတယ်။ နောက် အသစ်ပြဋ္ဌာန်းရမယ့် ဥပဒေတွေ ရှိပါတယ်။ ဒါတွေကိုလည်ူ ဆောင်ရွက်နေတဲ့ဆိုတဲ့အကြောင်း ပြောပြပါတယ်။”

ဘယ်လိုအပိုင်းတွေမှာ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုကို လိုအပ်နေတယ်ဆိုတာကိုလည်း Mr.Nambia ကို ကိုယ်စားလှယ်အဖွဲ့က ပြောပြခဲ့တာပါ။ ဦးလှမြင့်ဦး ကပဲ

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး Peace Process နဲ့ ပတ်သက်ပြီးတော့လည်း သူတို့အနေနဲ့ ဘာများ လုပ်ပေးဖို့လိုလဲဆိုတာကို ကျနော်တို့ ပြောတာက ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်ပေးရင် နောက်ပိုင်းက ဆက်လိုက်ရမယ့် ကိစ္စတွေ ရှိပါတယ်။ Job Creation လို Rule of Law တွေပေါ့။ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ နောက်ပြီးတော့ ပြည်သူ့လွှတ်တော်မှာလည်း တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့တွေ အဲဒီ ကော်မီတီလည်း ရှိတယ်။ ဒီကော်မီတီက ပုဂ္ဂိုလ်တွေကလည်း သူ့အတိုင်းအတာနဲ့သူ လုပ်နေတယ်ဆိုတဲ့ အကြောင်းလေးတွေ ပြောပြသွားပါတယ်။”

တိုင်းရင်းသားဒေသတွေက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ ဒီပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ ယူဆတာကြောင့် နောက်ပိုင်းလိုအပ်လာမယ့် ပြန်လည် ထူထောင်ရေး ကိစ္စရပ်တွေအတွက် ကုလသမဂ္ဂ ရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်လို့ ကချင်ပြည်နယ်က လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ပြောပါတယ်။

“သူ့ဘက်က ကျမတို့ရဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ်မှာ အကြံပြုဆွေးနွေးခဲ့တာရှိသလို အဓိက ကျမတို့ဘက်က တင်ပြချက်မှာတော့ ကျမအနေနဲ့ ကချင်တိုင်းရင်းသူဖြစ်တဲ့အတွက် ကချင်ပြည်နယ် မှာ ဖြစ်နေတဲ့ တိုင်းရင်းသားပဋိပက္ခတွေ နဲ့ ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။ ပြီးတော့ သူတို့ UN က ကျမတိ့ုဆီမှာ ကူညီခဲ့တာတွေနဲ့ ပတ်သက်လို့ ကျေးဇူးတင်ကြောင်းနဲ့ အနာဂတ်မှာ ထာဝရ ငြိမ်းချမ်းရေး တကယ်ပဲ ရရှိမယ်လို့ ယုံကြည်ပါတယ်။ ခုတော့ လွှတ်တော်ကလည်း ပေါ်လာပြီ ဆိုတော့။ တိုင်းရင်းသားအရေးတွေကိုလည်း လွှတ်တော်ထဲမှာ ကျမတို့ တောင်းဆိုနေပါတယ်။ တောင်းဆိုတဲ့အတိုင်းလည်း ကျမတို့ ရရှိနေပါတယ်။ ဒါကြောင့် တကယ်ပဲ ထာဝရငြိမ်းချမ်းရေး ရတဲ့အခါမှာ ပြန်လည်ထူထောင်ရေးဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကိုလည်း UN အနေနဲ့ ကူညီမယ်လို့ ယုံကြည်ကြောင်း၊ အထူးအရေးကြီးတာကတော့ စိတ်ပိုင်းဆိုင်ရာပေါ့၊ ပြန်လည် ထူထောင်ရေးမှာ ဒီပဋိပက္ခတွေရဲ့ နောက်ပိုင်း၊ စစ်ရဲ့ နောက်ဆက်တွဲ ကျန်နေခဲ့တဲ့ ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးဖို့။ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးကလည်း သိပ်အရေးကြီးပါတယ်။ ဒါတွေကို ကူညီဆောင်ရွက်ပေးဖို့ ကျမတို့ တောင်းဆိုခဲ့ပါတယ်။”

ပြည်သူ့လွှတ်တော် ဒေါ်ဒွဲဘူ ပြောသွားတာဖြစ်ပါတယ်။ Mr.Nambia ကလည်း သူ ပထမတခေါက် မြန်မာနိုင်ငံကို လာရောက်ခဲ့တုန်းကနဲ့ ခု ဒုတိယတကြိမ်ခရီးစဉ်အကြား ကာလမှာ တွေ့ရတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ဝမ်းသာကြောင်း ပြောပြီး ဆက်ပြီးတော့လည်း မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဦးလှမြင့်ဦး က ပြောပါတယ်။

“ကျနော်တို့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ နေရာမှာ ကိုယ့်အိမ်ရာကို စွန့်ခွာသွားနေရတဲ့ ပြည်သူတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ ထောက်ပံ့ပေးဖို့ ကိစ္စကိုလည်း ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်တယ်။ ကျနော်တို့ဘက်ကလည်း အစိုးရဘက်က ဆောင်ရွက်တာရှိတယ်။ NGO တွေ ဆောင်ရွက်တာ ရှိတယ်၊ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ပေါ့၊ သက်ဆိုင်တဲ့ နေရာကို သက်ဆိုင်တဲ့ ပစ္စည်းတွေ ရောက်ရှိသွားဖို့ ကျနော်တို့အစိုးရဘက်က တိုက်တွန်းမယ်ဆိုတာလည်း ပြောဖြစ်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးအပိုင်းမှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးပေါ့၊ ဒီလိုနေရာတွေမှာ ပိုပြီးတော့ ပြောင်းလဲပစ်ဖို့ ပိုပြီးတော့ အကူအညီပေးဖို့ ဆိုတာတွေကို ပြောပါတယ်။”

ဦးလှမြင့်ဦး ဖြစ်ပါတယ်။ ဒီကနေ့ တွေ့ဆုံတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာတော့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ နိုင်ငံတကာ ဆက်ဆံရေးကော်မီတီဥက္ကဋ္ဌ ဦးလှမြင့်ဦး တို့အပြင် တိုင်းရင်းသားရေးရာ နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မီတီဥက္ကဋ္ဌ ဦးသိန်းဇော် နဲ့ တိုင်းရင်းသားဒေသတွေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇ဦး ပါဝင်ခဲ့ပါတယ်။ Mr.Vijay Nambia ကတော့ ဒီလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ မတွေ့ဆုံခင်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG