မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား(Vijay Nambia)ဟာ - ဒီကနေ့ ကရင်ပြည်နယ်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး - တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ၊ ဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့ကြတယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံကို ၅ ရက်ကြာခရီးစဉ်အဖြစ်နဲ့ တနင်္ဂနွေနေ့က ရောက်ရှိခဲ့လာခဲ့တဲ့ ဗွီဂျေး နမ်ဘီးယား ဟာ ဒီကနေ့ ၄ ရက်မြောက်နေ့မှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို သွားရောက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိစ္စအပါအဝင် ဒုက္ခသည်တွေအရေးကိစ္စတွေကို အကဲခတ်လေ့လာဖို့အတွက် ဒီကနေ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကို သွားရောက်ခဲ့ တာပါ။ ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ညနေပိုင်းက - ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း အပါအဝင် ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံပြီး - ငြိမ်းချမ်းရေးဆွေးနွေးနေမှုအခြေအနေတွေ၊ ဒုက္ခသည်တွေ ပြန်လာဖို့အရေးနဲ့ ထာဝရငြိမ်းချမ်းရေး ရယူချိန်ကာလ လိုအပ်မယ့် ကူညီပံ့ပိုးမှုတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ငြိမ်းချမ်းရေးပြီးတဲ့အခါကျတော့ ဟိုဘက်က ဒုက္ခသည်စခန်းတွေမှာ နေနေကြတဲ့ သူတို့အဖွဲ့တွေ ပြန်လာရင် ဘယ်လိုတွေ စီမံပေးမလဲဆို တာရယ်၊ ဘာအကူအညီလိုသလဲဆိုတာရယ်၊ ပြီးတော့ ထာဝရငြိမ်းချမ်းရေး ဆက်ကူးတဲ့အခါကျရင် ဘာတွေများ ဆက်လုပ်ကြမလဲဆိုတာ လေးတွေရယ်၊ အဲ့ဒါလေးတွေ မေးပါတယ်။ သူတို့ကတော့ အဓိက ကျနော်တို့ အဲ့ဒီကိစ္စတွေအတွက်ကို UN က အကူအညီပေးရမယ့် အခြေအနေလေးတွေရှိရင် ပြောပေးဖို့ဆိုပြီးတော့ ဒါလေး ပြောပါတယ်ခင်ဗျ။ UN အေဂျင်စီတွေကတော့ ကျနော်တို့ဆီမှာ လက်ရှိ ဆောင်ရွက်နေတာတွေရှိပါတယ်။
ဒီ့ထက်ပိုပြီးတော့ ဘာတွေ ဆောင်ရွက်ပေးဖို့ရှိမလဲ။ ရှိလာလို့ရှိရင် ပြောဖို့အတွက် ပြောပါတယ်။ သူကလည်း အဲ့ဒါလေးတွေ မေးတယ်။ ကျနော်ကလည်း သူမေးတာလေးတွေ ဖြေတာပဲပေါ့။ ဒီနေ့ တွေ့ဆုံမှုက သိပ်ကောင်းပါတယ်။ ဒါက ကျနော်တို့ နိုင်ငံနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ပိုပြီးတော့ နီးကပ်မှုရှိသွားသလို ပူးပေါင်းဆောင်ရွက်မှုအားတွေ ပိုကောင်းသွားပါတယ်။”
လက်ရှိမှာတော့ ထိုင်းနယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ဒုက္ခသည် အရေအတွက်က သိန်းနဲ့ချီပြီး ရှိနေတာပါ။ DKBA နဲ့ မြန်မာအစိုးရတပ်တွေအကြား ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်ကစလို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် IDP ရွာပုန်းရွာရှောင်ဘဝနဲ့ တောထဲမှာ ပုန်းအောင်းနေကြရတဲ့ ဒုက္ခသည်တွေကလည်း သောင်းနဲ့ချီ ရှိနေတာပါ။ ဒီဒုက္ခသည်တွေ ပြန်လာတဲ့အခါ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးမလဲ ဆိုတာနဲ့ပတ်သက်ပြီး မစ္စတာ နမ်ဘီယားက မေးခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း က -
“ကျနော်တို့ကတော့ အဲ့ဒီအတွက် ပြန်လာလို့ရှိရင်တော့ ပထမတော့ - နေရာချထားရေး ကိစ္စလေးတွေပေါ့။ နေရာချထားရေးဆိုတဲ့ ကိစ္စလေး တွေမှာလည်းပဲ တချို့လည်း ကိုယ့်ရပ်ရွာကိုယ် ပြန်သွားမယ့်ဟာတွေရှိတယ်။ တချို့လည်း နေစရာ အခက်အခဲရှိတဲ့သူတွေ ကျနော်တို့က သူတို့ဆန္ဒရှိတဲ့ နေရာလေးတွေမှာ နေရာချထားပေးဖို့ အစီအစဉ်ရှိတယ်ဆိုတာကို ပြောပါတယ်။ ပြီးလို့ရှိရင် သူတို့ လတ်တလော စားသောက်မှုကိစ္စလေးတွေ စီစဉ်ပေးဖို့တို့ ရေရှည်အတွက်ဆိုရင် သူတို့ ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး တွေ စီစဉ်ပေးဖို့ အဲ့ဒါတွေ ပြောပါတယ်။
ပြီးတော့ မစ္စတာ နမ်ဘီယားက ထာဝရငြိမ်းချမ်းရေးကူးပြီး ဘာတွေများ ဆက်လုပ်ဖို့ ရှိဦးမလဲ လို့ မေးပါတယ်။ ကျနော်က သူတို့တွေ နေသားတကျ ဖြစ်သွားပြီးတဲ့အချိန် နောင်ကျရင် သူတို့လိုပဲ ကရင်ပြည်နယ်ထဲမှာ သူတို့ကိုယ်တိုင် ဒီလို ရွေးကောက်ပွဲတွေမှာ မဲဆန္ဒပေးတာရော၊ သူတို့ထဲက လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပြည့်စုံတဲ့သူတွေက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံတာတွေရော ဆောင်ရွက်ပြီးတော့ နောင်တချိန်မှာ သူတို့တွေလည်း နိုင်ငံတော်နဲ့ ပြည်နယ်ရဲ့ လွှတ်တော်တွေမှာ ပြည်သူ့ကိုယ်စားလှယ်အဖြစ်နဲ့ ပါဝင်ကြရမှာဖြစ်ပါတယ်ဆိုတာကို ပြောပြလိုက်ပါတယ်။”
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်း ဖြစ်ပါတယ်။ ဒီကနေ့ မစ္စတာ နမ်ဘီယားနဲ့အတူ ကုလသမဂ္ဂရဲ့ ရန်ကုန်ဌာနေကိုယ်စားလှယ်လဲ အတူ လိုက်ပါသွားပြီး - ညနေစောင်းမှာ မွန်ပြည်နယ်ဘက်ကို မစ္စတာ နမ်ဘီယား ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။
မစ္စတာ နမ်ဘီးယားဟာ တနင်္ဂနွေနေ့ကတည်းက မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေခဲ့တာပါ။ ခရီးစဉ် ဒုတိယမြောက်နေ့ဖြစ်တဲ့ တနင်္လာနေ့မှာတော့ - နေပြည်တော်မှာ ကျင်းပတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒညီလာကို တက်ရောက်ခဲ့ပြီးနောက် - ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း တို့အပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ - သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့သလို - အဲ့ဒီနောက် - ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ မနက်ဖြန် ရန်ကုန်ကနေ ပြန်လည်မထွက်ခွာခင်မှာတော့ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်ရှင်။