သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံဖွံဖြိုးရေး ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲဖို့လို

  • မသင်းသီရိ

မြန်မာနိုင်ငံဖွံဖြိုးရေး ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲဖို့လို

မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေထဲမှာ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတိုးတက်ဖို့ ဆောင်ရွက်ရာမှာ လိုအပ်ချက် အများအပြား ရှိနေသေးတယ်လို့ နိုင်ငံတကာပညာရှင်တွေရော မြန်မာပြည်တွင်းက ပညာရှင်တွေကပါ သုံးသပ်ကြပါတယ်။ နေပြည်တော်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာမူဝါဒ ညီလာခံတွင်း ပညာရှင်တွေက အခုလို သုံးသပ်လိုက်ကြတာဖြစ်သလို မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့အတွက် ဘယ်လိုမူဝါဒတွေ ရှိသင့်သလဲဆိုတဲ့အပေါ်မှာပါ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာအောင် စီးပွားရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရုံတင်မဟုတ်ဘဲ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ တွေကိုပါ ဘယ်လို တိုးတက်လာအောင် လုပ်ကြမလဲဆိုတဲ့ ဖွံဖြိုးမှုဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်လို့ နေပြည်တော်မှာ ၃ ရက် ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ပက စီးပွားရေးနဲ့ ကျန်းမာရေး၊ ပညာရေးပိုင်းဆိုင်ရာ ပညာရှင်တွေ၊ ပြည်တွင်းက ပညာရှင်တွေအပြင် သက်ဆိုင်ရာအစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့ မြန်မာနိုင်ငံမှာ ဖွံဖြိုးမှုတိုင်းမှာ တန်းတူညီမျှတဲ့ ခံစားနိုင်ခွင့်တွေ ရှိရမယ် ဆိုတာအပြင် ခိုင်ခံ့တဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ အတော်လေး လိုတယ်ဆိုတာကို ပညာရှင်တွေ အပြန်အလှန်သုံးသပ်တင်ပြကြတာ ရှိတယ်လို့ ဒီညီလာခံကို တက်ရောက်နေတဲ့ မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူ ဦခင်မောင်ညိုက ပြောပါတယ်။

“တိုတိုပြောရလို့ရှိရင်တော့ ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲဖို့ လိုနေတာပေါ့နော်။ အဲဒီမှာတော့ ၂ မျိုးတော့ ပြောတာပေါ့လေ။ တမျိုးကတော့ အားလုံး ဘာမှ ချန်မထားဘဲနဲ့ အကုန်လုပ် ဆိုတဲ့ဟာမျိုး၊ နောက်တခုကတော့ အကုန်လုပ်လို့ရှိရင် နိုင်ပါ့မလား၊ မနိုင်ဘူးဆိုလို့ရှိရင် ဘယ်ဟာကို ဦးစားပေးလုပ်မလဲ၊ ဘယ်လိုအချိတ်အဆက်လုပ်မလဲဆိုတာ - အဓိကကတော့ အဲဒီ အယူ ၂ မျိုး ထွက်လာတာကို တွေ့ရတယ်။ အဓိကရှင်းရမယ့် ကိစ္စကတော့ Exchange rate လို ဟာမျိုးပေါ့။ Exchange rate ကတော့ ဧပြီလ ၁ ရက်နေ့က စပြီးတော့ အစိုးရဌာနတွေက ၈ ရာနှုန်းပဲ သုံးမယ်တို့၊ ဘာတို့- အဲလိုဟာတွေကတော့ ဖြစ်သွားပြီ။ အဓိက ကတော့ အများဆုံးက Exchange rate ကို ပြောကြတာပါ။ ”

ဒါ့အပြင် နိုင်ငံရဲ့ရသုံးမှန်းခြေငွေစာရင်းထဲမှာ အရင်ကထက် ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်ကို နောက်ထပ် ၂ ဆ တိုးပေးလိုက်တယ်ဆိုပေမယ့် လိုအပ်နေသေးတယ်လို့လည်းသုံးသပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ တခါ ပညာရေးနဲ့ ပတ်သက်လို့တော့ အာမခံချက်ရှိတဲ့ ပညာရေးဖြစ်ဖို့ ပြုပြင်စရာတွေ အများကြီးလိုနေသေးတဲ့ အခြေအနေတွေပေါ်မှာလည်း မနေ့က ဆွေးနွေးခဲ့ကြပါတယ်။

“ပညာရေးကလည်း လက်ရှိမှာ အကုန်လုံးသိပြီးသားပဲ။ အခြေခံပညာမှာရော အထက်တန်းပညာမှာကောလေ။ တကယ်လိုအပ်တဲ့နေရာမှာ အရည်အချင်းရှိတဲ့သူတွေ ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ဟာ။ တော်တော်များများ ပြုပြင်ပြောင်းလဲဖို့ လိုတာပေါ့။ စိတ်ဝင်စားစရာကောင်းတာတခုကတော့ - အလွယ်ပြောတာပေါ့နော်။ ဆရာ ဦးဖဲင်-ဒ်လေ (Findlay) တို့လည်း ပြောတယ်။ အာရှနိုင်ငံတွေက ကမ္ဘာ့အဆင့်အတန်းမီနေပြီ။ ဗမာက အာရှနိုင်ငံတွေကို မီအောင်လိုက်။ ဗမာက အာရှနိုင်ငံတွေကို မီအောင်လိုက်လို့ရှိရင် ကမ္ဘာ့အဆင့်အတန်းမီမှာပဲပေါ့။ ချက်ခြင်းကြီးကတော့ အကောင်အထည်မဖော်နိုင်ဘူး။ ဆရာဦးလှမြင့်ကတော့ Capacity လို့ ပြောတဲ့အခါမှာ ပြည်တွင်းက Capacity တွေတင် မဟုတ်ဘဲ ပြည်ပက ဝင်လာမယ့် Capacity တွေ၊ နည်းပညာအကူအညီတွေကိုပါ ထည့်တွက်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံက လုပ်နိုင်စရာ မရှိဘူးလို့ သူကတော့ အဲလို အားပေးတာပဲ။”

မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူ ဦခင်မောင်ညို (ဘောဂဗေဒ) ပြောပြခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကနေ ဒီကနေ့ ၁၅ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီဖွံဖြိုးမှုဆိုင်ရာမူဝါဒတွေ သုံးသပ်တဲ့ညီလာခံမှာပထမဆုံးနေ့က စီးပွားရေး ဒုတိယနေ့မှာ ပညာရေးနဲ့ ဒီကနေ့ နောက်ဆုံးနေ့မှာ ကျန်းမာရေးကဏ္ဍတွေ ဆွေးနွေးပါတယ်။ ဒီကျန်းမာရေးဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဒီညီလာခံကို တက်နေတဲ့ ဒေါက်တာဒေါ်အေးအေးချို ပြောပြတာက -

“ကျန်းမာရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ လက်ရှိအခြေအနေတွေမှာတော့ ပြဿနာတွေက ရှိနေတုန်းပဲပေါ့။ Health Process Problem တွေကတော့ ရှိနေတုန်းပဲ။ ဒါပေမယ့် လောလောဆယ် ကူးစက်ရောဂါတွေနဲ့အတူတူပဲ ဦးစားပေးဆောင်ရွက်ရမယ့် နာတာရှည်ရောဂါတွေ၊ ဒါတွေကို ဦးစားပေးဖို့ လိုအပ်လာတယ်ဆိုတဲ့အကြောင်း၊ နောက်တခုကကျတော့ ဒီမှာရှိတဲ့ ကျန်းမာရေးလုပ်သားတွေပေါ့နော်။ ကျန်းမာရေးလုပ်သားတွေရဲ့ အခန်းကဏ္ဍတွေ အရေးပါမှုတွေ၊ နောက်တခါဆိုရင် မိခင်နဲ့ကလေး ကျန်းမာရေးကဏ္ဍကိုတော့ နည်းနည်းလေး ဦးစားပေးဆွေးနွေးကြတာပေါ့။ ”

ဒေါက်တာဒေါ်အေးအေးချိုရှင်၊

ဒီညီလာခံကို စီးပွားရေး နိုဘယ်လ်ဆုရ ဒေါက်တာ ဂျိုး ဇက် စတစ်ကလစ် (Dr.Joseph Stiglitz) လည်း တက်ရောက်နေတာဖြစ်ပြီး သူကတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ တိုးတက်မှုတွေကို ရေရှည် ဘယ်လို တည်တံ့အောင် ထိန်းမလဲဆိုတာတွေ၊ နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်လာရေးတွေအပြင် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေကို သဟဇာတ ညီညီဆက်ဆံနိုင်ဖို့တွေကို ဆွေးနွေးသွားပါတယ်။ မနက်ဖြန် ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ အခု ၃ ရက်ကြာဆွေးနွေူးခဲ့တဲ့အချက်တွေကိုပြည်တွင်းပြည်ပ ပညာရှင်တွေ အစိုးရဌာန တာဝန်ရှိသူတွေက မူဝါဒတွေနဲ့ စီမံကိန်းတွေ ရေးဆွဲမယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG