ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ်က ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေး လူထုဆန္ဒ ခံယူပွဲတရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာကျင်းပမှာ ဖြစ်တယ်လို့ သတ်မှတ်တဲ့အကြောင်း နိုင်ငံပိုင်သတင်းတွေကနေ ကြေညာလိုက်ပါတယ်။
အခုအသစ်ရေးဆွဲမယ့် ဖွဲ့စည်းပုံအရ ပါတီစုံစနစ်ကို အာရုံစိုက်သွားမှာဖြစ်တယ်လို့ သမ္မတအာဆတ်ဒ်က ဇန်နဝါရီလအတွင်း ပြောခဲ့တဲ့ မိန့်ခွန်းမှာ ကတိပေးထားပါတယ်။ ၁၉၆၃ ခုနှစ်ကတည်းက အာဏာချုပ်ကိုင်လာတဲ့ ဘတ်သ် ပါတီအပြင် တခြားနိုင်ငံရေးပါတီတွေ ထူထောင်ခွင့် ပြုမယ်ဆိုတဲ့ ဥပဒေကို ဆီးရီးယားအစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အတည်ပြုခဲ့တာပါ။
တချိန်တည်းမှာပဲ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေ ခြေကုပ်ယူရာ ဟာနာမြို့မှာ အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ ဒီကနေ့ တိုက်ခိုက်နေဆဲပဲလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ လူုနေရပ်ကွက်တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ပိုင်းက ဟုမ်းစ်မြို့ကြီးရဲ့ ဆွန်နီမွတ်စလင်သူပုန်တွေ တပ်စွဲထားတဲ့ ဘာဟာအာဘရာ ရပ်ကွက်နားမှာ ရေနံချက်စက်ရုံတရုံရဲ့ ရေနံပိုက်လိုင်း ပေါက်ကွဲခဲ့ရာမှာ သူပုန်တွေဘက်က စစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ အပြစ်တင်နေပြီး အစိုးရတပ်တွေကလည်း အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်လို့ စွပ်စွဲနေပါတယ်။