သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသမ္မတ နှုတ်ထွက်ဖို့ ကုလတောင်းဆို


ဆီးရီးယားသမ္မတ နှုတ်ထွက်ဖို့ ကုလတောင်းဆို
ဆီးရီးယားသမ္မတ နှုတ်ထွက်ဖို့ ကုလတောင်းဆို

ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ရာထူးက ဆင်းပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက တခဲနက် အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံပေါင်း ၁၃၇ နိုင်ငံက အဆိုကို ထောက်ခံခဲ့ကြပြီး ၁၂ နိုင်ငံကသာ လက်မခံဘဲ နေခဲ့ကြတာပါ။

၁၇ နိုင်ငံကတော့ ကြားနေခဲ့ကြပါတယ်။ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံး ပယ်ချခဲ့တဲ့ တရုတ်နဲ့ရုရှား ၂ နိုင်ငံကတော့ ကန့်ကွက်တဲ့ နိုင်ငံတွေထဲ ပါဝင်ခဲ့ကြတာပါ။

အထွေထွေညီလာခံရဲ့ ကြာသပတေးနေ့က ဆုံးဖြတ်ချက်ဟာ မလိုက်နာမဖြစ် လိုက်နာကျင့်သုံးရမယ့် ဆုံးဖြတ်ချက်မျိုး မဟုတ်ပေမဲ့ ဆီးရီးယားနိုင်ငံက အခြေအနေတွေအပေါ် ကမ္ဘာတဝှမ်းက သဘောထားတွေကိုတော့ ထင်ဟပ်ပြသခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ အစောပိုင်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ သမ္မတ အာဆဒ် အစိုးရဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုမျိုးတွေ ကျူးလွန်နေတဲ့အကြောင်း စွပ်စွဲပြောဆိုခဲ့တာပါ။ အရပ်သားတွေအပေါ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ၊ အင်အားသုံး နှိမ်နင်းနေတာတွေကို ချက်ခြင်း ရပ်ဆိုင်းဖို့လည်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်မြို့ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့ကတော့ ဒါရာ(Daraa) မြို့က လူ ၄ ယောက်နဲ့ အစိုးရတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဟာမာ့(Hama) မြို့အနီးက ၁၄ ယောက် အပါအဝင် ကြာသပတေးနေ့ နိုင်ငံအနှံ့က ပဋိပက္ခတွေအတွင်း သေဆုံးသူ ဦးရေဟာ ၂၄ ယောက် ထက်မနည်း ရှိခဲ့ကြောင်း ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG