သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိနိုင်ငံကြွေးမြီပြဿနာ ယူရိုဇုံ ကယ်တင်


ဂရိနိုင်ငံကြွေးမြီအကျပ်အတည်း ဖေးမကူညီကြဖို့အတွက် ဥရောပသမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဂရိနိုင်ငံကြွေးမြီအကျပ်အတည်း ဖေးမကူညီကြဖို့အတွက် ဥရောပသမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးတွေ ဟာ ဘရပ်ဆဲလ်စ်မြို့မှာ ၁၃ နာရီကြာ အကြိတ်အနယ်ဆွေးနွေး ညှိနှိုင်းခဲ့ ကြပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၁၇၁,၀၀၀နဲ့ ညီမျှတဲ့ ယူရိုသန်းပေါင်း ၁၃၀,၀၀၀ ပံ့ပိုးရေး အတည်ပြုနိုင်ခဲ့ကြပါတယ်။

အခုလိုပံ့ပိုးပေးခြင်းအားဖြင့် ဂရိအစိုးရတင်နေတဲ့အကြွေးတွေ လျော့ကျသွားမှာဖြစ်ပါတယ်။ ဂရိနိုင်ငံ GDP ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဘိုးရဲ့ ၁၆၀% ဝန်းကျင် လျှော့ချနိုင်မှာဖြစ်ပါတယ်။ IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ရေရှည်ထိန်းထား နိုင်မယ်လို့ အမြင့်ဆုံး အဆင့်အဖြစ် သဘောထားတဲ့ GDP ရဲ့ ၁၂၀% လျှော့ချရေး ကိုတော့ ၂၀၂၀ ပြည့်နှစ်မှာ ပြည့်မီနိုင်မယ်လို့ ခန့်မှန်း ရပါတယ်။

ဂရိကြွေးမြီပြဿနာကယ်တင်ရေးဆွေးနွေးမှုကို အင်္ဂါနေ့မနက်ပိုင်းက သဘာတူခဲ့ကြတာပါ။ ဂရိရဲ့အကြွေး ယူရိုသန်းပေါင်း ၁ သိန်းကို လျှော်ပစ်ဖို့ ပုဂ္ဂလိကကြွေးရှင်တွေက သဘောတူခဲ့ကြပါတယ်။ ဂရိအကြွေးပြဿနာ အထိုက်အလျောက်ပြေလည်မှုရရှိတာကြောင့် အင်္ဂါနေ့က ယူရိုဈေးကွက် အတော်လေးတက်ခဲ့ပါတယ်။ တကယ်လို့ အကြွေး ပြဿနာမပြေလည်ခဲ့ရင် ရှေ့လကျရင် ဂရိနိုင်ငံ ဒေဝါလီခံရ မယ့်ကိန်းဆိုက်မှာဖြစ်ပါတယ်။

ဥရောပငွေကြေးဇုံ အကြီးအကဲ Jean-Claude Juncker ကအခုလို ဂရိအကြွေးအကျပ်အတည်းကို ဖေးမနိုင်ခြင်းဟာ ဂရိနိုင်ငံအတွက်ရော ယူရိုဇုံတခုလုံးအတွက်ပါ ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိန်းထားနိုင်မှာဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဒီလိုအရေးပေါ်ကူညီနိုင်ဖို့အတွက် ဂရိနိုင်ငံဘက်ကလည်း လိုက်နာဆောင်ရွက်ရမယ့်ကိစ္စတွေ ပြည့်မီဖို့လိုတယ်လို့ သတိပေးလိုက်ပါတယ်။ ဂရိအစိုးရက အနိမ့်ဆုံးလစာကို ၂၂% လျှော့ပစ်တာနဲ့ အစိုးရဝန်ထမ်း ၁၅၀၀၀ အလုပ်ဖြုတ်ခဲ့ရတာအပါအဝင် ခြိုးခြံချွေတာရေးအစီအစဉ်အတည်ပြုခဲ့တာကြောင့် လူထုရဲ့ ငြိုငြင်ဆန္ဒပြမှုနဲ့ ရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG