အီရန်နိုင်ငံရဲ့ နျူကလီးယားစက်ရုံတွေက နျူကလီးယားလက်နက် တည်ဆောက်ဖို့အတွက် တိတ်တိတ်ပုန်း ကြိုးပမ်းနေတယ်လို့ နိုင်ငံတကာက စိုးရိမ် ပူပန်မှုတွေ ဖြစ်နေတဲ့ကြားကပဲ ကုလသမဂ္ဂရဲ့ နျူကလီးယားလေ့လာရေး အရာရှိအဖွဲ့အနေနဲ့ အဲဒီ နျူကလီးယားစက်ရုံတွေကို ဝင်ရောက် စစ်ဆေးခွင့် မပြုဘူးလို့ အီရန်က ပြောကြားလိုက်ပါတယ်။
အီရန်နိုင်ငံမှာရောက်နေတဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA အဖွဲ့ဟာ အနာဂတ် ပူးပေါင်းလုပ်ဆောင်ရေး အစီအစဉ်တွေအတွက် အခြေခံ အချက်တွေကို ဆွေးနွေးဖို့ ရောက်လာတာဖြစ်ပြီး နျူကလီးယားစက်ရုံတွေကို စစ်ဆေးဖို့အတွက် မဟုတ်ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ramin Mehmanparast က အင်္ဂါနေ့မှာ ပြောလိုက်တာပါ။
IAEA အဖွဲ့ဟာ သူတို့ရဲ့ ၂ ရက်ကြာ ခရီးစဉ်အတွက် တီဟီရန်မြို့ကို တနင်္လာနေ့က ရောက်သွားကြတာပါ။ သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေကို စစ်ဘက် အသုံးပြုရေးအတွက် လုပ်ဆောင်နေခြင်း ရှိမရှိ စုံစမ်း စစ်ဆေးဖို့အတွက် ဖြစ်တယ်လို့ IAEA အဖွဲ့ခေါင်းဆောင် Herman Nackaerts က ပြောပါတယ်။ အစ္စရေးနဲ့ အနောက်နိုင်ငံတွေကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက် တည်ဆောက်ဖို့အတွက် လုပ်ဆောင်နေတာလို့ ပြောနေကြတာပါ။ IAEA အဖွဲအနေနဲ့ အဲဒီ နျူကလီးယားစက်ရုံတွေကို သွားရောက် လည်ပတ်ခွင့် ရမရဆိုတာတော့ မသိရသေးပါဘူး။
IAEA အဖွဲ့နေနဲ့ အီရန် နျူကလီးယား သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို တီဟီရန်မြို့အပြင်က သမားရိုးကျ လက်နက်တွေ တည်ဆောက်တဲ့ Parchin ကို သွားရောက် လေ့လာကြမှာဖြစ်တယ်လို့ အီရန်အစိုးရပိုင် ရေဒီယိုက တနင်္လာနေ့မှာ ပြောပါတယ်။