သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရမ် (Qur’an) မီးရှို့မှု အိုဘားမားတောင်းပန်


ကိုရမ် (Qur’an) မီးရှို့မှု အိုဘားမားတောင်းပန်
ကိုရမ် (Qur’an) မီးရှို့မှု အိုဘားမားတောင်းပန်

အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) စစ်စခန်းတခုမှာ အစ္စလာမ် ကိုရမ်ကျမ်းစာတွေကို မီးရှို့ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တမင်သက်သက် မရည်ရွယ်ဘဲ ဘာသာရေးပစ္စည်းတွေကို ထိခိုက်မိတဲ့ အဖြစ်အပျက်တခုအဖြစ် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက တောင်းပန်စာတစောင် ပေးပို့ခဲ့ကြောင်း အာဖဂန် သမ္မတ Hamid Karzai ရဲ့ ရုံးက ပြောပါတယ်။

အဖြစ်အပျက်နဲ့ ပတ်သက်လို့ မကျေမနပ် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ နိုင်ငံအရှေ့ပိုင်းမှာ အာဖဂန် စစ်ဝတ်စုံ ဝတ်ဆင်ထားသူ တယောက်ရဲ့ပစ်ခတ်မှုကြောင့် ညွန့်ပေါင်း တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး သွားခဲ့ကြောင်းလည်း NATO တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။

Nangarhar ပြည်နယ်မှာရှိတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ စစ်စခန်း တခုရဲ့ပြင်ပမှာ ကြာသပတေးနေ့က တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ မူဆလင်တွေ အထွဋ်အမြတ်ထားရာ ဘာသာရေးကျမ်းစာကို စော်ကား ဖျက်ဆီးတယ်ဆိုပြီး နိုင်ငံခြား ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ကြဖို့ တာလီဘန်တွေက ကြာသပတေးနေ့ အစောပိုင်းမှာပဲ ကြေညာချက်တစောင် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတဲ့ အာဖဂန် ကိုယ်စားလှယ်အဖွဲ့ကတော့ အာဖဂန်လူထုအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားကြဖို့၊ ဆန္ဒပြပွဲတွေအပေါ် ရန်သူတွေက အခွင့်ကောင်းယူတာမျိုး မဖြစ်စေဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာပါ။

ဆန္ဒပြပွဲတွေ အင်္ဂါနေ့က စတင်ဖြစ်ပွားချိန်ကစလို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးခဲ့ပြီးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG