ဆီးရီးယားနိုင်ငံမှာ သမ္မတဘက်ရှာအယ်လ် အာဆဒ်ကိုသစ္စာခံတဲ့တပ်တွေက အစိုးရဆန့်ကျင်သူတွေ ရှိရာနေရာမှာ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ဒါဇင်နဲ့ချီပြီး သေဆုံးနေချိန်မှာပဲ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ဆီးရီးယားနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲမှုကို ချက်ခြင်းလုပ်ဖို့ အတွက် တောင်းဆိုလိုက်ပါတယ်။
အစိုးရတပ်တွေက အင်္ဂါနေ့ တနေ့တည်းမှာတင် ဆီးရီးယားနိုင်ငံတဝှမ်း လူပေါင်း ၄၁ ဦးထက် မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ဟယ်လ်ဖာရာ(Helfaya) က ဆန္ဒပြပွဲမှာတော့ လူ ၂၀ လောက် အသတ်ခံခဲ့ရတာပါ။ သမ္မတအာဆဒ်ရဲ့ ညီအကိုတော်သူ မဟာ (Maher) ဦးဆောင်တဲ့ ဆီးရီးယားစစ်တပ်ရဲ့ အထူး တပ်မဟာ အမှတ် (၄) က သံချပ်ကာကားတွေဟာ လမ်းတွေထဲကို ရောက်လာခဲ့တယ်လို့ ရိုက်တား (Reuters) သတင်းဌာနကို အတိုက်အခံတွေ သိမ်းပိုက်ထားတဲ့ ဟုမ်းစ် (Homs) မြို့က တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။
ဆီးရီးယားစစ်တပ်က အရပ်သားတွေကို တိုက်ခိုက်ချေမှုန်းနေတာကို ကာကွယ်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မစ္စနာဗီပီလေးက ဂျနီဗာက ကုသလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောကြားခဲ့တာပါ။ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယား သံအမတ်ကတော့ အခုလို ဆွေးနွေးနေချိန်မှာပဲ အစည်းအဝေးခန်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။
အရပ်သားတွေ နေထိုင်ရာ ရပ်ကွက်တွေမှာ လက်နက်ကြီးတွေကို သုံးပြီး ပစ်ခတ်သတ်ဖြတ်နေတာဟာ ရက်စက်ကြမ်းကြုတ်ကြောင်း ရှုတ်ချစာ ထုတ်ပြန်ဖို့အတွက် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေကြားမှာ သဘောတူညီမှု ရလုနီးဖြစ်နေပြီ ဖြစ်ပါတယ်။