သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲနေရာ နေပြည်တော်မှာခွင့်မပြု


Egyptian President Hosni Mubarak is shown in this photo in Cairo on Jan. 29, 1991.
Egyptian President Hosni Mubarak is shown in this photo in Cairo on Jan. 29, 1991.

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် မဲဆွယ်စည်းရုံးရေးခရီးမှာ လူထု စုဝေးဖို့ နေပြည်တော် ပုပ္ဗသီရိ မြို့နယ်အတွင်းက လယ်ကွင်းတခုကို သုံးခွင့်ပြုဖို့ ကော်မရှင်ထံမှာ အဆိုပြုထားတာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် ကန့်ကွက်လိုက်ပါတယ်။ ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတွေနဲ့ နီးတဲ့အတွက် အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ကန့်ကွက်လိုက်တာကြောင့် မတ်လ ၆ ရက်နေ့သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်ဟာ မဲဆွယ်စည်းရုံးဖို့ ကွင်းအခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

နေပြည်တော် ပုပ္ဗသီရိမြို့နယ်၊ မဲဆန္ဒနယ်မှာ ကိုဇေယျာသော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက်နေ့မှာ သွားရောက်ပြီး နေပြည်တော် ဒေသခံတွေကို မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေတာပါ။ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးတွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့် မပေးဘူးဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စည်းကမ်းထုတ်ပြန်ထားတဲ့အတွက် ပုပ္ဗသီရိမြို့နယ်ထဲက လယ်ကွင်းတခုမှာ လယ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ လူထုမဲဆွယ်ပွဲလုပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြထားပါတယ်။ ဒါကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ကတဆင့် ကန့်ကွက်လာတယ်လို့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ကိုဇေယျာသော်က ပြောပါတယ်။

“ဒီနေ့ ၂၉ ရက်နေ့၊ ဖေဖော်ဝါရီလ ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ကျနော်တို့တင်ထားတဲ့ လယ်မြေကို ခွင့်မပြုနိုင်ကြောင်း၊ ကန့်ကွက်ကြောင်း အသိပေးလွှာ ခရိုင်ကော်မရှင်ကို ပေးပို့လာပါတယ်တဲ့။ အဲဒီအတွက်ကြောင့်မို့လို့ ခရိုင်ကော်မရှင်ကလည်း ကျနော်တို့ကို ထပ်ဆင့်အသိပေးကြောင်း အကြောင်းကြားစာ ပို့လာတာပါ။ သာသနိကပိုင် အဆောက်အဦးနဲ့ နီးတယ်ဆိုတာ တချက်ရယ်၊ နောက်တချက်က စာသင်ကျောင်းနဲ့နီးတယ် ဆိုတာ တချက်ရယ်။ အဲဒီ အချက် ၂ ခုကို အကြောင်းပြပါတယ်”

သာသနိက အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေမှာ မဲဆွယ်စည်းရုံးရေး မလုပ်ရဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က စည်းကမ်းချက် ထုတ်ထားပါတယ်။ ဒါပေမယ့်လို့ မဲဆွယ်မယ့် နေရာဟာ သာသနိက အဆောက်အဦးတွေ စာသင်ကျောင်းတွေနဲ့ မနီးရဘူးဆိုပြီး စည်းကမ်းထုတ်ထားတာ မရှိလို့ ပုပ္ဗသီရိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ကန့်ကွက်ချက်က ဥပဒေနဲ့မညီဘူးဆိုပြီး ကိုဇေယျာသော်က ပြောပါတယ်။

အခု မဲဆွယ်စည်းရုံးရေး လုပ်မယ့်နေရာဟာလည်း ဘုန်းတော်ကြီးကျောင်းနဲ့ ကိုက် ၁,၀၀၀ လောက် ဝေးပြီး အဲဒီ အနီးက မူလတန်းကျောင်းကလည်း ကျောင်းပိတ်ထားတယ်လို့ သူကပြောပါတယ်။

လာမယ့် မတ်လ ၆ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်မှာ မဲဆွယ်စည်းရုံးရေး အတွက် နေရာခွင့်ပြုဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပေမယ့် ကော်မရှင်က ခွင့်ပြုချက် ချထားမပေးသေးပါဘူး။ တကယ်လို့ ဒီလယ်ကွင်းကိုသာ အသုံးပြုခွင့် မရရင် အခက်အခဲတွေ ရှိလာနိုင်တယ် ဆိုပြီးလည်း သူက ပြောပါတယ်။

“အကယ်၍များ ခွင့်မပြုခဲ့ဘူးဆိုရင် ကျနော်တို့က သက်ဆိုင်ရာ မြို့နယ်၊ ဒါမှမဟုတ်ရင် ရပ်ကွက်၊ ကျနော်တို့ရဲ့ ရုံးတရုံးရုံးမှာ ဟောပြောရမှာပါ။ အဲလို ဟောပြောမယ်ဆိုလို့ရှိရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ- ဥပမာ လမ်းပိတ်ဆို့မှုဖြစ်တာမျိုးတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင် မြင်ချင်တဲ့အတွက်ကြောင့်မို့လို့ လာရောက်တဲ့ပြည်သူတွေ များပြားလာတာမျိုးတွေ- အဲဒီအခါမျိုးတွေ ကျလို့ရှိရင်တော့ လမ်းပိတ်ဆို့မှုတခုတင် မဟုတ်ပါဘူး။ လုံခြုံရေးအရပဲကြည့်ကြည့်၊ ဘယ်အရပဲ ကြည့်ကြည့် အကြောင်းတရားတွေက အများကြီးဖြစ်လာမှာပေါ့။ အဲဒီအခါကျလို့ရှိရင်တော့ ကော်မရှင်တခုတည်းနဲ့တင် သက်ဆိုင်တာ မဟုတ်တော့ဘဲနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး- အစရှိသဖြင့် အုပ်ချုပ်ရေးပိုင်းတွေဘက်မှာ တာဝန်ရှိလာမယ်၊ တာဝန်ပိုလာမယ်လို့ ကျနော် ပြောချင်တာပါ”

နေပြည်တော် မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ၊ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေ ကြုံနေရပေမယ့် လူထုရဲ့ထောက်ခံမှုကို အပြည့်အဝရအောင် ကြိုးစားသွားမယ်လို့လည်း ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

နေပြည်တော် ဆောက်လုပ်လိုက်တဲ့အတွက် လယ်ယာမြေ ဆုံးရှုံးရတဲ့ ဒေသခံလယ်သမားတွေဟာ အလုပ်လက်မဲ့ ပြသနာနဲ့ ကြုံတွေ့နေရတဲ့ အတွက်လည်း ပြန်လည်ထူထောင်ရေး နိုင်ငံရေး ပါတီ အားလုံးနဲ့အတူ ပြည်သူ တရပ်လုံးလည်း ပူးပေါင်းဖြေရှင်းဖို့ လိုတယ်လို့လည်း ကိုဇေယျာသော်က ပြောပါတယ်။

XS
SM
MD
LG