မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက လွတ်တော်ကိုယ်စားလှယ်တချိုနဲ့ နေပြည်တော်မှာဒီကနေ့ မနက်က တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားဒေသတွေတွင်း ငြိမ်းချမ်းရေး ၊ တန်းတူညီမျှ အခွင့်ရေးခံစားခွင့်တွေရှိရေးကိစ္စအပြင် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံကြီး ဖြစ်လာရေး အခြေအနေတွေပေါ် ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်၊ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေဆုံမှု အခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီး အဖြစ် နေပြည်တော်ကိုရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၆ရက် အင်္ဂါနေ့ မနက် ၇ နာရီက နေပြည်တော်မှာရှိတဲ့ ကုမုဒြာဟော်တယ်မှာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလနေပြည်တော် အစီအစဉ်ထဲမှာ မပါဘဲ ကြားဖြတ်အစီအစဉ်တခုအနေနဲ့ အခုလို တိုင်းရင်းသားအဖွဲတွေနဲ့ တွေ့ဖို့ စီစဉ်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်၊
တိုင်းရင်းသားအဖွဲ့တွေထဲကဆိုရင် ရခိုင်အမျိူးသားများတိုးတက်ရေးပါတီ၊ ပအို့ အမျိူးသား အဖွဲ့၊ ပလောင်ပါတီ၊ ဝ- ဒီမိုကရေစီ ပါတီ၊ ချင်းအမျိူးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံစဝေါပါတီတွေက လွှတ်တော်ကိုယ်စားလှယ် နဲ့အတူ ရှမ်းကျားဖြူပါတီက လွတ်တော်ကိုယ်စားလှယ်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ခဲ့ကြတာပါ၊
ဒီတွေ့ဆုံမှုတွင်း တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းမှု ရရှိရေး၊ ပြည်မ ပြည်နယ်မခွဲခြားဘဲ တန်းတူညီမျှတဲ့ အခွင့်အရေး ခံစားပိုင်ခွင့်ရှိရေးတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားတွေကို ရှင်းပြခဲ့တယ်လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်၊
“ဗမာဆိုတာလည်း တိုင်းရင်းသားလူမျိုးတမျိုးဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်မှာ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်မူကို လက်ခံဖို့ လိုပါတယ်။ ဖက်ဒရယ်မူဆိုတာဟာ ပြည်ထောင်စုကြီးကနေ ခွဲထွက်သွားမယ့် အခြေနေ မဟုတ်ပါဘူး။ ကိုယ့်လူမျိုးအလိုက် အုပ်ချုပ်ဖို့ ဖြစ်ပါတယ်။ ကချင်မှာဆိုရင် ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေ စီမံခန့်ခွဲ အုပ်ချုပ်မယ်၊ ကရင်ပြည်နယ်မှာ ကရင်လူမျိုးတွေ စီမံခန့်ခွဲအုပ်ချုပ်မယ်၊ အဲဒီလိုစနစ်မျိုးနဲ့ သွားဖို့အတွက် ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုခဲ့ပါတယ်”။
ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကာ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်နိုင်ငံရေးထဲ ပါဝင်လာတော့မှာမို့ လွှတ်တော်တွင်း အခြေအနေတချို့ကိုလည်း ပြောဖြစ်ကြတယ်လို့လည်း ပြောပါတယ်၊
“လွှတ်တော်နဲ့ ပတ်သက်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လွှတ်တော်နိုင်ငံရေးထဲမှာ လျှောက်လှမ်း လာပြီ။ ဒီ့အတွက်ကြောင့် လွှတ်တော်ထဲရောက်ရင် အားလုံး လက်တွဲပြီးတော့ လုပ်ဆောင်သွားမယ်၊ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေဟာလည်း လွှတ်တော်မှာ ၁နှစ်ကျော်ကျော် တွေ့ကြုံခဲ့ပြီးဖြစ်လို့ လွှတ်တော်နဲ့ပတ်သက်လို့ လိုအပ် တာတွေ သိသင့်သိထိုက်တာတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာတဲ့ အခါကျရင် ပြောပြပေးပါ၊ ဒီလောက်ပဲ ပြောပြဖြစ်ပါတယ်။”
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး ပါရှင်၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီးပေါ်ပေါက်လာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လွတ်တော်ထဲရောက်လာကြမယ့် NLD ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ က လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင် က ပြောပါတယ်၊
“တန်းတူညီမျှမှုဆိုတာကို ကျနော်တို့ လက်ခံထားတယ်။ တန်းတူညီမျှမှုမရှိခဲ့လို့လည်း ကျနော်တို့နိုင်ငံသမိုင်းဟာ မလှပခဲ့ဘူးလို့လည်း ပြောပြလိုက်တယ်။ ရှေ့ဆက် ပြီးတော့လည်း အန်တီစုအနေနဲ့ တန်းတူမှုကို ဖော်ပြလိမ့်မယ် လို့လည်း ကျနော်တို့က ပြောပြလိုက်ပါတယ်။ လွှတ်တော်ရောက်ရင်လည်း ကျနော်တို့ ဒီမိုကရေစီပါတီအနေနဲ့ ပူးတွဲပြီးတော့ နိုင်ငံရေးကိစ္စတွေ ဆောင်ရွက်သွားဖို့ တင်ပြထားပါတယ်။ ပါတီတွေအနေနဲ့ အားကောင်းအောင် လွှတ်တော်ထဲ ဒေါ်အောင်ဆန်းစုကြည်ရောက်လာရင် နိုင်ငံရေးအခင်းအကျင်းပိုပြီးတော့ ကောင်းလာမယ်လို့ တင်ပြကြပါတယ်။ ဒေါ်စုကတော့ ပြောပါတယ်။ အကုန်လုံး နိုင်ရင်တောင်မှ ရှေ့ဆက်သွားမယ့်နိုင်ငံရေးကိစ္စတွေမှာ လွှတ်တော်ထဲ ရောက်ရင် ကျနော်တို့နဲ့ ပူးပေါင်း လက်တွဲပြီး လုပ်ဆောင်သွားမယ်လို့ ပြောတာကြောင့် ဒါကို ကျနော်တို့က နွေးနွေးထွေးထွေးကြိုဆိုပါတယ်။”
ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင် ပါ၊ NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ခရီးတွေထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနေပြည်တော်ခရီးစဉ်မတိုင်ခင် ရှမ်းပြည်နယ် ကချင်ပြည်နယ်တွေကိုလည်း သွားခဲ့ပါသေးတယ်၊ တိုင်းရင်းသားအရေးကို ပိုပြီးဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားဒေသတွေက လစ်လပ် မဲဆန္ဒနယ် အားလုံးကို NLD က ဝင်ပြိုင်ဖိ့ု စီစဉ်ခဲ့တာဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သလို တိုင်းရင်းသား နယ်မြေတွေမှာ သာယာငြိမ်းချမ်းမှု နဲ့အတူ အေးချမ်းလုံခြုံရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ဖို့ သူ့ အနေနဲ့ အတတ်နိုင်ဆုံး တာဝန်တွေကို ကြိုးစား ထမ်းဆောင်သွားမယ်လို့လည်း စည်းရုံးရေးခရီးစဉ်တွေမှာ ထည်သွင်းပြောကြားသွားပါတယ်၊