သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှုပ်နှံဖို့ မြန်မာဆွဲဆောင်


မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေဟာ ပြောင်းလဲလာတဲ့အခြေအနေတွေနဲ့ လျော်ညီမှု မရှိတော့တဲ့အတွက် မူဝါဒအသစ်တွေ ချမှတ်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံစက်မှုဝန်ကြီးလည်းဖြစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစိုးသိန်းက ပြောလိုက်ပါတယ်။ သင့်လျော်တဲ့ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွေနဲ့ ငွေကြေးဆိုင်ရာ မူဝါဒသစ်တွေကို မကြာခင်မှာ ထုတ်ပြန်နိုင်တော့မှာဖြစ်လို့ မြန်မာနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံကြဖို့ ဝန်ကြီးဦးစိုးသိန်းက ကမ္ဘာတဝှမ်းက လူလတ်ပိုင်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီအကြီးအကဲတွေပါဝင်တဲ့ Young President Organization နဲ့ ကြာသာပတေးနေ့ညက တွေ့ဆုံတုန်းက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြချင်သူတွေအတွက် ဘယ်လိုအာမခံချက်တွေ ပေးခဲ့လဲဆိုတာကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ကမ္ဘာတဝှမ်းက သက်လတ်ပိုင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရာရှိတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံရာမှာ ဝန်ကြီးဦးစိုးသိန်းက အခုလို ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်တဲ့ ဥပဒေတွေနဲ့ မူဝါဒအသစ်တွေကို ပြင်ဆင်နေတယ်လို့ ပြောလိုက်တာပါ။ ဘာကြောင့် အခုလိုပြင်ရတာနဲ့ ဘယ်တော့ ဥပဒေသစ်တွေ ဖြစ်လာနိုင်သလဲဆိုတာကိုလည်း ဦးစိုးသိန်းက -

“အရင်ကရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေက ရင်းနှီးမြှုပ်နံှမှုတွေအတွက် အားပေးသလို မဖြစ်ခဲ့ပါဘူး။ အဲဒါက မကောင်းပါဘူး။ ဒါကြောင့် အခု ဂျပန်ကုမ္ပဏီတွေနဲ့ တိုင်ပင်ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တခုကို ပြင်ဆင်နေပါတယ်။ အဲဒီတော့ တကယ့်ကို မကြာခင်ကာလမှာပဲ ပါလီမန်ကနေ ဒီ ဥပဒေသစ်ကို အတည်ပြုပေးတော့မှာပါ”

ဦးစိုးသိန်းကပဲ မြန်မာပြည်သူအများ အဓိက အလုပ်ရနိုင်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်မယ့် ဒီဥပဒေအသစ်မှာ အဓိကထား အလေးပေးထားတဲ့ အချက်တွေအဖြစ် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပတ်ဝန်းကျင်နဲ့ လူမှုရေးအတွက် အကာအကွယ်ပေးတာတွေအပြင် ထင်သာမြင်သာရှိအောင် လုပ်တာတွေလည်း ပါမယ်လို့ အခုလို ဆက်ရှင်းပြပါတယ်။

“အဓိကအချက် နံပါတ် ၁ သတ်မှတ်ချက်ကတော့ ကျနော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးကို ပေးရမှာပါ။ နောက် ဒုတိယ အဓိကအားထားချက်ကတော့ ပတ်ဝန်းကျင်အပေါ် အကျိုးဆက်တွေကို လေ့လာပေးရမှာပါ။ ဒါ့အပြင် လူမှုရေးအရ အကျိုးဆက်တွေကိုလည်း ထည့်သွင်း သုံးသပ်သွားရမှာ ဖြစ်ပါတယ်။ နောက် ငွေကြေးကဏ္ဍကလည်း မဖုံးကွယ်ဘဲ ထင်သာမြင်သာ ရှိအောင်နဲ့ တာဝန်ယူ၊ တာဝန်ခံမှု ရှိအောင် လုပ်ပေးရမှာပါ။”

ဦးစိုးသိန်းကပဲ နိုင်ငံတိုင်းကို မခွဲခြားဘဲ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်နိုင်ရေးအတွက် ဒီငွေကြေးဆိုင်ရာ ဥပဒေကိုပြုပြင်ရာမှာ အဓိက တိုင်ပင်နေတာတွေနဲ့ ဖြစ်လာမှာတွေကိုလည်း အခုလို ဆက်ရှင်းပြပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့လက်ရှိငွေကြေးမူဝါဒက မကောင်းပါဘူး။ IMF နဲ့ ကမ္ဘာ့ဘဏ်က နည်းပညာအကူအညီပေးတာတွေ၊ နောက် နော်ဝေအစိုးရကလည်း ကမ္ဘာ့ဘဏ် ကျွမ်းကျင်မှုဆိုင်ရာတွေ ကူညီတာတွေနဲ့ ဆွေးနွေးနေတာတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် တကယ့်ကို မကြာခင်မှာ အကောင်းဆုံး ငွေကြေးမူဝါဒနဲ့ ရသုံးမှန်းခြေ မူဝါဒတွေ၊ အဲဒါအပြင် ဒေသတွင်း တန်းတူ ဘဏ်စနစ်တွေ ဖြစ်လာတော့မှာပါ။”

အဲဒါကြောင့် ဒီဥပဒေအသစ်တွေထွက်လာရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအတွက်ရော အလုပ်အကိုင်နည်းပြီး ဆင်းရဲတဲ့ မြန်မာနိုင်ငံ အတွက်ပါ ၂ ဘက်လုံးအကျိုးရှိမှာမို့ စိုက်ပျိုးရေးကဏ္ဍကို အခြေခံတဲ့ ကဏ္ဍတွေမှာ အသေးစားနဲ့အလတ်စား စီးပွားရေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ပိုလုပ်ကြဖို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ဦးစိုးသိန်းကပဲ လက်ရှိမြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေအတွက် အထောက်အကူပြုမယ့် လက်ကိုင်ဖုန်းသုံးနိုင်တာက ခန့်မှန်းခြေအားဖြင့် ၅ % ပဲ ရှိသေးတာမို့ အရှေ့တောင်အာရှ နိုင်ငံတွေအကြားမှာ အနိမ့်ဆုံးသုံးနိုင်တဲ့ နိုင်ငံဖြစ်နေတယ်၊ တချိန်ကျရင် ၇၅ % ကနေ ၁၀၀ % ထိအောင် လက်ကိုင်ဖုန်းသုံးနိုင်အောင် ပြင်ဆင်နေတာမို့ ဒီတယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍမှာလည်း ပိုမိုရင်းနှီးမြှုပ်နှံကြဖို့ကို ဖိတ်ခေါ်လိုက်ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့အပေါ် နော်ဝေးနိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတာတွေ ပိတ်ပင်ထားတာကို ပြန်ပြီးရုပ်သိမ်းအပြီးမှာ နော်ဝေးနိုင်ငံရဲ့ တယ်လီနာ လက်ကိုင်ဖုန်းကုမ္ပဏီက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ကို သွားရောက် လေ့လာခဲ့ပြီး ဦးစိုးသိန်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အခုလို တွေ့ဆုံရာမှာ ဦးစိုးသိန်းက ဒီ ရင်းနှီးမြှုပ်နှံသူတွေကို ကာကွယ်ပေးဖို့နဲ့ ဥပဒေတွေကို ခဏ ခဏ ထင်သလိုပြောင်းတာ လုပ်မှာမဟုတ်ဘူးလို့ အာမခံချက်ပေးခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ပြောရာမှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်နေသူတွေက ပုဂ္ဂိုလ်ရေးအရ ကျောသားရင်သားခွဲပြီး ထင်ရာစိုင်းတာမျိုးမဟုတ်ဘဲ ဥပဒေအရသာ ဆုံးဖြတ်တဲ့ Rule or Law ရှိမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အကျိုးရှိပါတယ်လို့ ပြောလေ့ရှိပါတယ်။

XS
SM
MD
LG