သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပ ပါလီမန်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရွေးကောက်ပွဲ ၀င် နိုင်ငံရေး ပါတီတချို့နဲ့ တွေ့ဆုံခဲ့ပြီး - မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမှု ရှိနိုင် - မရှိနိုင်ဆိုတဲ့အပေါ် ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် လွှတ်တော်တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံရေး ပါတီတွေဘက်ကတော့ - ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲထက် တော့ ပိုပြီး လွတ်လပ်မျှတမှုရှိနိုင်တဲ့အကြောင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအပြောင်းအလဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေ၊ ပြီးတော့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ အကဲခတ်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်ရှိနေကြတဲ့ ၁၁ ဦးပါ အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့ မနက်ကပဲ ရန်ကုန်မှာ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံခဲ့ကြတာပါ။ အဓိကကတော့ - ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိ - မရှိ ဆိုတာနဲ့ မဲဆွယ်စည်းရုံးရေးကာလ တွေ့ကြုံရတဲ့ အခြေအနေတွေ အပါအ၀င် - ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်တွင်း နိုင်ငံရေးအခင်းအကျင်းနဲ့ပတ်သက်ပြီး ဥရောပ ပါလီမန်ကိုယ်စားလှယ် အဖွဲ့က - နိုင်ငံရေးပါတီတွေကို မေးမြန်းခဲ့တာပါ။

ဒီအပေါ် ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုကတော့ - လက်ရှိ မဲဆွယ်စည်းရုံးရေး ကာလမှာ ပြဿနာတချို့ ကြုံတွေ့ရပေမဲ့ - အရင် ရွေးကောက်ပွဲထက်တော့ ပိုပြီး မျှတမှု ရှိနိုင်ကြောင်းကို တုံ့ပြန်ခဲ့တယ်လို့ အခုလို ပြောပြပါတယ်။

“ယေဘုယျကြည့်မယ်ဆိုရင်တော့ ၂၀၁၀ ထက်တော့ ပိုပြီးတော့ လွတ်လပ်မျှတလိမ့်မယ်လို့ ယူဆကြောင်းပေါ့- ကျနော်ပြောပါတယ်။ ရွေးကောက်ပွဲပြီးတဲ့အခါမယ် လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ၊ NLD အပါအဝင်ပေါ့၊ လွှတ်တော်ထဲ ရောက်လာလို့ရှိရင်ရော၊ လွှတ်တော်အခင်းအကျင်းက ပြောင်းသွားမလားလို့ပေါ့၊ ကျနော်ကဖြေပါတယ်- ဒါ Drastic change ပေါ့။ သိသိသာသာပြောင်းသွားဖို့ကတော့ မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ တဘက်မှာ အနိုင်ရထားတဲ့ လူများစုပါတီက လူဦးရေ များစွာရှိနေတဲ့အခါကျတော့ကာ အနည်းစုအင်အားနဲ့ တခါတည်း ပြောင်းလဲပစ်လိုက်ဖို့တော့ မလွယ်ပါဘူးလို့။ သူတို့ကလည်း ပြည်သူလူထုကို အကျိုးမပြုမယ့် ကိစ္စမျိုးတွေကိုတော့ဖြင့်ရင် ကျနော်တို့ဘက်က အတိုက်အခံလုပ်သွားမှာပဲ။ သို့သော်လည်း ပြည်သူလူထု အကျိုးရှိမယ့်ဟာတွေကို တင်တဲ့အခါမှာ ဆန့်ကျင်မယ်ဆိုရင်တော့ အဲလိုဆန့်ကျင်သူမျိုးဟာ ဆိုလို့ရှိရင် လွှတ်တော်ထဲမှာ အောင်မြင်မှာမဟုတ်ဘူး။ ဒါကို ကျနော်တို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်လိမ့်မှာဖြစ်ပါတယ်ဆိုတာကိုတော့ ကျနော် သဘောထားပေးလိုက်ပါတယ်”

ဒါ့အပြင် မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုတွေနေထိုင်တဲ့ နိုင်ငံတခုဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲမှု တော်တော်များများ လုပ်ဆောင်ပြီးလို့ ငြိမ်းချမ်းရေးရရှိတဲ့အခါမှာ - ပြည်ထောင်စုစနစ် (ဒါမှမဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဖက်ဒရယ်စနစ် ဘယ်လိုပုံစံမျိုးကို လိုလားသလဲလို့လည်း ဥရောပပါလီမန်အမတ်တွေက မေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း -

“ကျနော်ကတော့ ဖက်ဒရယ်ပုံစံမျိုး ရှိမှဖြစ်မယ်၊ ဖက်ဒရယ်ပုံစံမျိုးရှိမှ တိုင်းရင်းသားကိစ္စတွေကို နိုင်ငံရေးအရ ဖြေရှင်းနိုင်လိမ့်မယ်။ တိုင်းရင်းသားတွေဟာ သူတို့နေရာတွေမှာ သူတို့ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်နိုင်ခွင့်တွေ ရရှိတဲ့အခါမှာ နိုင်ငံရေးသဘောထား မျှတပြီးတော့ အရှည်သဖြင့် ပြည်ထောင်စုတည်တံ့ရေးဖြစ်သွားနိုင်ပါတယ်”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။

ဒီကနေ့ အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ကြတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF၊ ဦးသုဝေရဲ့ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ ပါဝင်ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြီးတော့ ရှမ်းတိုင်းရင်းသားများတိုးတက်ရေး (ကျားဖြူ)ပါတီ နဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တို့ကတော့ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်တဲ့ ၅ ရက်ကြာခရီးစဉ်အတွင်း - မြန်မာသမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရခေါင်းဆောင်တွေ၊ ပြီးတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အပြင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့တာ ပါ။

ကြာသာပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ - ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့မယ် ဆိုရင် - မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးမှာ သေချာတယ်လို့ EU ပါလီမန်ကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့တာပါ။ လာမယ့် ဧပြီလ ၂၃ ရက်နေ့ကျရင်လည်း ဒီအရေးယူဒဏ်ခတ်မှုတွေနဲ့ပတ်သက်ပြီး EUနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး ကြဖို့ ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်မို့ - ၁၉၉၆ ခုနှစ်က စပြီး EU ကနေ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်ထားတာ ၁၅ နှစ်ရှိခဲ့ပါပြီ။ ဒီအထဲမှာ လက်နက် ရောင်းဝယ်မှုပိတ်ပင်ခြင်း၊ ပြည်တွင်း ဖိနှိပ်မှုတွင် အသုံးပြုသည့် ကိရိယာများပိတ်ပင်ခြင်း၊ ပစ်မှတ်ထားသည့် ငွေကြေးအရေးယူမှုများ ချမှတ်ခြင်း၊ စစ်အစိုးရခေါင်းဆောင်များနှင့် မိသားစုဝင်များ ဥရောပတွင် ခရီးသွားလာခွင့် ပိတ်ပင်မှုတွေပါဝင်သည်။ အဲ့ဒီဒဏ်ခတ်မှုတွေထဲကမှ ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းကပဲ မြန်မာအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေအပေါ် ခရီးသွားလာခွင့်ဗီဇာ ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG