သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်တွေ သတ္တိရှိဖို့ ဒေါ်စု တိုက်တွန်း


ကြားဖြတ် ရွေးကောက်ပွဲ မျှတမှုရှိတယ် မရှိဘူးဆိုတာကို မဲပေးတဲ့ တနေ့တည်းနဲ့ ဆုံးဖြတ်လို့ မရဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ မဲပေးဖို့ ခြိမ်းခြောက် မဲဆွယ်သူတွေဟာ ရွေးကောက်ပွဲ ဥပဒေတွေကို မထေမဲ့မြင်လုပ်တဲ့သူတွေဖြစ်တာမို့ မကြောက်ကြဖို့ ဒီကနေ့ နေပြည်တော်မှာ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ အသိပေးသွားပါတယ်၊ ပြည်သူတွေကို ၊ ကျောင်းဆရာ ဆရာမတွေ တပ်မတော်သားဝန်ထမ်းတွေအများစုရှိတဲ့ ဥတ္တရသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်း ၂ ခုကို မစုမြတ်မွန်က စုစည်း တင်ပြပါလိမ့်မယ်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင် အရွေးခံမယ့် နေပြည်တော်က မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည်သွားရောက် အားဖြည့် မဲဆွယ် စည်းရုံးခဲ့တာမှာ ဒီနေ့ကတော့ ဥတ္တရသီရိနဲ့ ပုဗ္ဗသီရိမြို့နယ် ၂ ခုကို သွားရောက်ပြီး ပြည်သူတွေကို စည်းရုံး မိန့်ခွန်း ပြောခဲ့ပါတယ်၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် မမှန်ကန်တဲ့ နည်းတွေနဲ့ မဲဆွယ် စည်းရုံးမှုတွေကို ပြည်သူတွေ လက်မခံသင့်တဲ့အကြောင်း ဥတ္တရသီရိမြို့နယ်မှာ ခုလို ဆိုခဲ့ပါတယ်၊

“တချို့အဖွဲ့အစည်းတွေကတော့ခြိမ်းချောက်ပြီး မဲတောင်းတာတွေ ရှိတယ်လို့ ကျမကြားရပါတယ်။ အဲဒီလို ခြိမ်းခြောက်ပြီးတော့ မဲတောင်းတာဟာ ကုလသမဂ္ဂရဲ့ ပဋိဉာဉ်စာတမ်းပါ အချက်တွေ နဲ့လည်း မကိုက်ညီဘူး။ ဒီနိုင်ငံရဲ့ ဥပဒေတွေနဲ့လည်း မကိုက်ညီဘူးဆိုတာ ကျမပြောပါရစေ။ ဒီတော့ လာပြီး ခြိမ်းချောက်တဲ့သူတွေကို ပြောလိုက်ပါ၊ ခင်ဗျားတို့က ဒီနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်နေတာလား၊ ရွေးကောက်ပွဲဥပဒေတွေကို မထေမဲ့မြင် ပြုနေတာလား၊ ရွေးကောက်ပွဲဥပဒေအရဆိုရင် ခဗျားတို့က ဘယ်သူ့ကိုမှ ခြိမ်းချောက်ပြီးတော့ မဲထည့်အောင်လို့ မလုပ်ခိုင်းရဘူးဆိုတာကို သေသေချာချာ ပြန်သာပြောလိုက်ပါ၊ မကြောက်ပါနဲ့။ ပြောပိုင်ခွင့်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က အမှန်တရားဘက်က ရပ်တည်ပြီးတော့ ပြောနေတာပါ။”

ရွေးကောက်ပွဲ မဲထည့်ကြတဲ့နေ့တနေ့တည်းကို ကြည့်ပြီး ကြားဖြတ်ရွေးကောက်ပွဲဟာ မျှတမှု ရှိတယ် လို့ သတ်မှတ်လို့ မရတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ခုလို မိန့်ခွန်းထဲကနေ ထောက်ပြ ပြောသွားပါတယ်၊

“ရွေးကောက်ပွဲတခုမှာ တရားမျှတတယ်ဆိုတာဟာ ဒီမဲထည့်တဲ့နေ့မှာ လွတ်လွတ်လပ်လပ် လျှို့ဝှက်မဲထည့်နိုင်ရုံနဲ့ မပြီးသေးဘူး။ မဲဆွယ်ခွင့်ကာလမှာ မဟုတ်တဲ့ ကိစ္စတွေ၊ မလုပ်သင့်တဲ့ ကိစ္စတွေ၊ မလုပ်ဖို့ မပါဖို့လည်း အရေးကြီးတယ်ဆိုတာ ကျမ သတိပေးပါရစေ။ စောစောကပြောသလို ခြိမ်းချောက်ပြီးတော့ မဲထည့်ခိုင်းတာတို့ ဒါမှမဟုတ် မဲဝယ်တာတို့ မဲဝယ်တယ်ဆိုတာ ပိုက်ဆံပေးပြီး ဝယ်တာလည်း ရှိတယ်၊ ဘာလုပ်ပေးမယ်.. ညာလုပ်ပေးမယ်ဆိုပြီးတော့ ကတိပေးပြီး မဲဝယ်တာ လည်း ရှိတယ်။ အဲဒါဟာလည်း ရွေးကောက်ပွဲစည်းမျဉ်းဥပဒေတွေနဲ့ မညီပါဘူး။ အဲဒီလို လုပ်တဲ့ ကိစ္စတွေကို ကျမတို့က ရွေးကောက်ပွဲကော်မရှင်ကို အသိပေးရမယ်။ ရွေးကောက်ပွဲကော်မရှင် ကနေ ပြီးတော့ သင့်တော်သလို အရေးယူပေးရမယ်။ အဲဒီလို ဖြစ်မှသာလျှင် နိုင်ငံတကာနဲ့ မြန်မာပြည်မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ တကယ်ပဲ တရားမျှတမယ်လို့ လက်ခံနိုင်မှာဖြစ်ပါတယ်။”

ပရိတ်သတ် သောင်းကျော်လာရောက်နားထောင်တဲ့ ဥတ္တရသီရိမြို့နယ် စည်းရုံးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ သတင်းတွေကို လေ့လာဖို့ကိုလဲ တိုက်တွန်းသွားပါတယ်၊ သတင်းတွေကို လေ့လာဆင်ခြင်ပြီး ဗဟုသုတယူနိုင်မှ တိုင်းပြည်တိုးတက်နိုင်မယ်လို့ ပြောသွားခဲ့ တာပါ၊ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ နောက်ထပ်သွားခဲ့တဲ့ မြို့နယ်ကတော့ ပုဗ္ဗသီရိမြို့နယ်ဖြစ်ပါတယ်၊ အဲဒီမှာလဲ သောင်းနဲ့ချီတဲ့ ဒေသခံတွေက သူ့ရဲ့ မိန့်ခွန်းကို လာရောက် နားထောင်ခဲ့ကြပါတယ်၊ ခုလို လာကြတဲ့ထဲမှာ ကျောင်းဆရာ ဆရာမတွေ တော်တော် များများ ပါတယ်လို့ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ပညာသင်ကြားရေးနဲ့ ပါတ်သက်တာကို ခုလို ပြောပါတယ်၊

“ကျောင်းတကျောင်းရဲ့ အဓိက ဂုဏ်သိက္ခာဟာ ဘာလဲဆိုတော့ မှန်ကန်တဲ့ ပညာ သင်ကြားပေးရေးပဲ။ ကျောင်း က တဲကျောင်းပဲ ဖြစ်ဖြစ်.. တိုက်ကျောင်းပဲဖြစ်ဖြစ်.. ဆရာဆရာမတွေက အဆင့်အတန်း မီမီနဲ့ ကျောင်းသားတွေကို ပညာမသင်ပေးနိုင်လို့ရှိရင် အဲဒီကျောင်းဟာ ဘာသိက္ခာမှ ရှိမှာမဟုတ်ပါဘူး။”

ခုလို မိန့်ခွန်းပြောခဲ့တဲ့ ဗုဗ္ဗသီရိမြို့နယ်မှာ တပ်မတော်သား ဝန်ထမ်းတွေလဲ အများ အပြားရှိကြတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းလို ပြည်သူချစ်တဲ့ တပ်မတော်သားတွေ ဖြစ်စေချင်တာကိုလည်း စည်းရုံးရေး မိန့်ခွန်းထဲမှာ ပြောသွားခဲ့ပါတယ်၊

“တချို့က ကျမတို့ ဒီမိုကရေစီဘက်က လူတွေက တပ်မတော်ကို အတိုက်အခံလုပ်တယ်လို့ လုံး၀ ထင်ကြတယ်။ ဒါ လုံးဝမဟုတ်ပါဘူး။ ကျမတို့က တပ်မတော်ကို အင်မတန်မှ ဂုဏ်သိက္ခာ ရှိစေချင် တယ်။ ပြည်သူလူထုက လိုလိုလားလားနဲ့ လက်ခံတဲ့ တပ်မတော်လောက် ဂုဏ်သိက္ခာရှိတဲ့ “တပ်မတော် မရှိနိုင်ဘူးဆိုတာကို ကျမတို့ အများကို ပြောဆိုနေပါတယ်။ ကျမတို့ရဲ့ တပ်မတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။ တကမ္ဘာလုံးက သူတို့ တပ်မတော်ဟာ ဘယ်လောက် သူတို့ပြည်သူတွေချစ်တဲ့ တပ်မတော်လဲ၊ အင်မတန်မှကို အားကျစရာ တပ်မတော်ပါလားလို့ ကမ္ဘာကလည်း အသိအမှတ်ပြုစေချင်တယ်။”

မတ်လ လ ၃ ရက်နေ့ကတည်းက စပြီး မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေဆီကို စည်းရုံးရေးခရီး ထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကနေ ခရီးစဉ်အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်သွားခဲ့ပါပြီ။ ဒီသီတင်းပတ်ကုန်ပိုင်းကျရင်တော့ မွန်ပြည်နယ်ဘက်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ စည်းရုံးရေးခရီးထွက်ဖို့ အစီအစဉ်ရှိပါတယ်ရှင်၊

XS
SM
MD
LG