သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှင်ဂမ္ဘီရကို အာဏာပိုင်တွေ ဒုတိယအကြိမ်ခေါ်ယူစစ်ဆေး


မကြာသေးခင်ကမှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင် ဂမ္ဘီရကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး မတ်လ ၆ ရက်နေ့ညက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အစိုးရထုတ် သတင်းစာတွေကနေ အရှင်ဂမ္ဘီရကို အာဏာစက်နဲ့ အရေးယူမယ်လို့ မကြာသေးခင်က သတိပေးပြီးနောက်ပိုင်း အခုလို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တဲ့အတွက် မိသားစုကစိုးရိမ်နေသလို နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကလည်း စောင့်ကြည့်နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက ပြောပြပေးပါရှင်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ အပါအဝင် သံဃာ ၂ ပါး၊ ညီအငယ်ဆုံးဖြစ်သူ ကိုလွင်မောင်မောင် နဲ့ လယ်သမားအရေး လုပ်ဆောင်မိလို့ ထောင်ချခံခဲ့ရာကနေ ပြန်လွတ်လာခဲ့တဲ့ ထန်းတပင်မြို့နယ်က ကိုထွန်းထွန်းဦး စုစုပေါင်း ၅ ယောက်ဟာ ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာ ရှိတဲ့ အရှင်ဂမ္ဘီရရဲ့ အမဖြစ်သူ မခင်သူဌေးရဲ့ နေအိမ်မှာ တည်းခိုနေကြတာပါ။ အဲ့ဒီလို တည်းခိုနေချိန် - အရှင်ဂမ္ဘီရကို SB လို့ ယူဆရတဲ့ မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့ကနေ မတ်လ ၆ ရက် အင်္ဂါနေ့ည ၁ဝ နာရီ ဝန်းကျင်လောက်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ အရှင်ဂမ္ဘီရရဲ့ အကိုဖြစ်သူ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

“ကျနော် ဦးပဇင်းနဲ့ ဒီနေ့ချိန်းထားတာ။ ဗြိတိသျှသံအမတ်ကြီးက ဖိတ်ထားလို့ ကျနော်အပါအဝင် ဦးဇင်းတို့ ကြွဖို့ပေါ့နော်။ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ သွားတွေ့ဖို့ ချိန်းထားတာဗျ။ အဲဒါကြောင့် ဒီနေ့ ကျနော် ရန်ကုန်ကိုရောက်လာတယ်။ ရောက်တော့ ဦးပဇင်းတည်းနေတဲ့ မခင်သူဌေးရဲ့အိမ်ကဖုန်းကို ကျနော်ဆက်တယ်ဗျ၊ ဖုန်းကိုင်မယ့်သူမရှိဘူး။

အဲဒါနဲ့ အခြေအနေထူးခြားတယ်ဆိုပြီး မဂ္ဂင်ကျောင်းက ဆရာတော် ဦးဇင်း ဂျောင်းဂျောင်းရဲ့ ဖုန်းကို ကျနော် ဆက်လိုက်တယ်။ ပြီးခဲ့ည ၉ နာရီက ဦးဂမ္ဘီရဖုန်းကို ဆက်တယ်တဲ့- ဆက်တဲ့အခါမှာ ဦးဂမ္ဘီရနဲ့အတူတူနေတဲ့ ကရင်ကိုယ်တော်လေးက ဖုန်းကိုင်တယ်တဲ့။ သူတို့ သံဃာ့ ကိစ္စတွေဘာတွေ ပြောနေတုန်းမှာပဲ သူတို့ဝင်လာကြပြီလို့ ကရင်ကိုယ်တော်လေးကပြောပြီး ဖုန်းခွက်ကို ဘေးချထားလိုက်တယ်တဲ့။ ခဏ အကြာမှာ ပြန်ဆက်ကြည့်တော့ ဖုန်းကိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူးတဲ့- ဖုန်းတော့ဝင်တယ်တဲ့။

မျက်မြင်သက်သေအားဖြင့်တော့ ဒီလမ်းထဲက ပုဂ္ဂိုလ်တွေက ပြောတာဆိုတာပဲရှိပါတယ်။ ဒါပေမယ့် ဖုန်းအဆက်အသွယ်ရတာတွေအရ -ကျနော်နဲ့ချိတ်ဆက်ထားတာတွေအရ ဒီကနေ့ ကျနော့်ကို မဆက်သွယ်တာတွေအရ အကုန်လုံး ပေါင်းရုံးပြီး ကြည့်လိုက်မယ်ဆိုရင် အဖမ်းခံရတယ်ဆိုတာ သေချာသလောက်ပါပဲဗျ”

လောလောဆယ် ကျောက်တံတားရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရတဲ့အကြောင်းနဲ့ အရှင် ဂမ္ဘီရကို အခုလို ဖမ်းဆီးခေါ်ဆောင်တာဟာ မကြာသေးခင်က သတင်းစာမှာပါတဲ့အချက်တွေအရ ဖြစ်နိုင်ကြောင်းလည်း ကိုအောင်ကျော်ကျော်က ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B ရဲ့ အတွင်းရေးမှူးကိုတိတ်နိုင်ကတော့ လက်ရှိ အခြေအနေကို စောင့်ကြည့်နေပြီး အာဏာပိုင်တွေဘက်က ပြန်လွှတ်ပေးခြင်းမရှိခဲ့ရင် လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော်တို့သိရတာကတော့ SB က ဖမ်းတာပါ။ သို့ပေမယ့် သူတို့ပြောချက်တွေအရကတော့ သက်ဆိုင်ရာကလာပြီး ခေါ်ယူမေးမြန်းဖို့ အတွက် ခေါ်သွားတယ်လို့ ပြောတယ်။ အရှင်ဂမ္ဘီရကလည်း အဲဒီအချိန်မှာ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ဦးဣဿရိယကို သူ့ကို တရက်ပဲ ခေါ် သွားမယ်ဆိုပြီးတော့ လာခေါ်တဲ့အချိန်မှာ အာဏာပိုင်တွေက ကတိပေးသွားတယ်လို့တော့ ကြားရပါတယ်။

သို့ပေမယ့် ဗမာပြည်မှာ ကျနော်တို့အတွေ့အကြုံအရဆိုရင်တော့ ခဏ ဆိုတဲ့ကိစ္စကလည်း တခါတလေ အနှစ် ၂၀ လောက် ကြာသွားရ တတ်တဲ့ အခါကျတော့ ကျနော်တို့လည်း ဒီအပေါ်မှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာတော့ စောင့်ကြည့်နေပါတယ်။ ဒီနေ့ညမှ ပြန်မလွှတ်ဘူးဆိုရင်တော့ ဒါဟာ သူတို့ပြောခဲ့တဲ့ကတိတွေနဲ့ ညီဖို့အတွက် ကျနော်တို့ ပြောဆိုရမှာပဲ”

AAPP-B အတွင်းရေးမှူး ကိုတိတ်နိုင် ဖြစ်ပါတယ်။ အာရှလူ့အခွင့်အရေးကော်မရှင်ကတော့ အာဏာပိုင်တွေရဲ့ အခု ဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့လည်း မကိုက်ညီသလို - လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်လည်း ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

အရှင်ဂမ္ဘီရကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ဝ နေ့ကလည်း တိုင်းသာသနာရေးဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေ မေးချင်တာရှိလို့ဆိုပြီး အခုလိုပဲ ခေါ်ဆောင်သွားဖူးပြီး ရက်ပိုင်း အတွင်းမှာပဲ ပြန်လွှတ်ပေးခဲ့တာပါ။ အဲ့ဒီလို ပြန်လွှတ်ပေးပြီးနောက် မကြာခင်မှာပဲ အစိုးရထုတ် သတင်းစာတွေကနေ ဆရာတော်ကို ဓမ္မစက်နဲ့အရေးယူလို့မရတော့တဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်လို့ သတိပေးရေးသားခဲ့ပါတယ်။

အရှင်ဂမ္ဘီရနဲ့ အခြားသံဃာတော်တွေကနေ ဦးဆောင်ခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားကို စစ်တပ်ကနေ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး နောက် အရှင်ဂမ္ဘီရအပါအဝင် ရာနဲ့ချီပြီး တော်တော်များများကို ဖမ်းဆီးထောင်ချခဲ့တာပါ။ အရှင်ဂမ္ဘီရကိုတော့ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် အနှစ် ၆ဝ ကျော် ချမှတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အရပ်သားအစိုးရတက်လာပြီးတဲ့နောက်ပိုင်း အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား တော်တော်များများ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

အရှင်ဂမ္ဘီရဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ကပဲ မြောင်းမြအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက် လာခဲ့သူ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG