သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNPP နဲ့ မြန်မာအစိုးရကြား အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုး


ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP နဲ့ မြန်မာအစိုးရတို့ဟာ ကရင်ပြည်နယ်၊ လွိုင်ကော်မြို့က အစိုးရဂေဟာမှာတွေဆုံပြီး အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမ သဘောတူညီချက်ကို ဒီကနေ့မှာပဲ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီက အပစ်ရပ်နိုင်ရေးအတွက် မြန်မာအစိုးရကို အချက် ၂၀ တောင်းဆိုခဲ့ပေမယ့် လက်ရှိမှာတော့ ပြည်နယ်အဆင့် ဆွေးနွေးမှုအရ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ကိုပဲ လွိုင်ကော်မြို့ အစိုးရဂေဟာမှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ အတွင်းရေး မှူး (၂) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“လောလောဆယ်ကတော့ နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲဖို့၊ ဆက်ဆံရေးရုံးတွေထားရှိဖို့-နောက် နယ်မြေဖြတ်ကျော်ရင်အသိပေးဖို့ဆိုတဲ့ အချက်တွေလောက်ပဲ အဆင့်ရှိသေးတာပေါ့။ ကျနော်တို့ တင်ပြတဲ့ အချက်တွေကတော့ တဖြည်းဖြည်းနဲ့ ပြည်ထောင်စုအဆင့်မှာ ဆက်ညှိသွားဖို့ရှိတယ်။ အဓိက သူတို့ဘက်က တောင်းဆိုတာက အဲဒီအချက်တွေပဲဆိုတော့ အဲဒီအချက် ၃ ချက်အပေါ်မှာပဲ ကျနော်တို့လက်မှတ်ထိုးခဲ့တာပေါ့နော်”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ အဓိက တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာကတော့-

“ကျနော်တို့ စစ်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေ- နောက်ပြီးတော့မှ- နောင်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံပေးနိုင်မယ့် အချက်အလက်တွေ၊ ပြည်သူတွေ ဘဝလုံခြုံမှုရှိစေမယ့် အချက်တွေ အားလုံးအပါအဝင်ပေါ့။ ကျနော်တို့ အချက် ၂၀ တင်ပြထားပါတယ်။ ကျနော်တို့ ကတော့ တကယ်တန်းစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်သွားဖို့အထိ ရည်မှန်းတယ်လေ။ အဲဒီလို စစ်မှန်တဲ့နည်းလမ်းမျိုးကို အကောင်အထည်ဖော်သွားဖို့က တကယ်တန်း နှစ်ဦးနှစ်ဘက် ယုံကြည်မှုတွေရှိရမယ်၊ နောက်ပြီးတော့ နှစ်ဦးနှစ်ဘက်အတွက်ပေ့ါနော်-ရှေ့ဆက်အကောင်အထည် ဖော်နိုင်ဖို့ လုပ်ငန်းတွေ ဒီအချက် ၂၀ က တင်ပြထားတာဖြစ်တယ်ပေါ့နော်-”

တောင်းဆိုချက်တွေထဲက စစ်ရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အဓိက ဦးစားပေး တောင်းဆိုရာမှာတော့ စစ်ရေးအရ တပ်စခန်းတွေ ပြန်ရုပ်သိမ်းရေးကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဒေသမှာ စစ်ဆင်ရေးတွေကို ထိုးစစ်ဆင်နေတာတွေကို ရပ်ဆိုင်းစေချင်တယ်။ နောက်ပြီး တော့မှ တပ်ရင်း တပ်စခန်းတွေကို ထပ်မံတိုးချဲ့ခြင်း မပြုလုပ်စေချင်ဘူးပေါ့ - ပြည်သူလူထုရဲ့ဘဝ လုံခြုံရေးကိုပေါ့နော်-ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ အရေးမပါတဲ့ စခန်းငယ်လေးတွေကို ပြန်လည်ရုပ်သိမ်း ခိုင်းချင်တယ်ပေါ့။ အဲဒါမျိုးတွေရှိတယ်။ နောက်- ကရင်ပြည်ထဲမှာ စစ်ရေးလေ့ကျင့်လှုပ်ရှားမှုတွေ၊ စစ်လေ့ကျင့်ရေးကျောင်း အသစ်တည်ဆောက်မှုတွေကတော့ ရပ်ဆိုင်းစေချင်တယ်ပေါ့နော်-ရပ်တန့်ထားချင်တယ်။ ဒါတွေက ကျနော်တို့ အဓိကတောင်းဆိုတဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ။ ဒါတွေကလည်း သူတို့ဆီမှာရှိတဲ့ စစ်ဘက်ဆိုင်ရာတွေနဲ့ ဆက်ပြီးမှ အသေးစိတ်ညှိဖို့လိုတဲ့ အနေအထားတွေဖြစ်နေတယ်လေ”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီဘက်က စစ်ရေးချုပ်ဗိုလ်မှူးဖုန်းနိုင် ဦးဆောင်သလို မြန်မာအစိုးရဘက်က နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးတင်စိုးဦးဆောင်ပြီး သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဆွေးနွေးပွဲကို ရထားဝန်းကြီးဦးအောင်မင်းအပါအဝင် ဝန်ကြီး ၇ ဦး တက်ရောက်ခဲ့ပါတယ်ရှင်။

ဒါကတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ကို ဒီကနေ့လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း မအေးအေးမာ စုံစမ်းတင်ပြခဲ့တာပါ။

တဆက်တည်းမှာပဲ ဒီသဘောတူလက်မှတ်ထိုးပွဲမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ နိုင်ငံတကာ အကဲခတ် လေ့လာသူတွေကို တက်ရောက်လေ့လာခွင့်ပြုခဲ့ပါတယ်။ ဒါဟာ ရထားဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုပွဲတွေမှာ ပထမဆုံးအနေနဲ့ နိုင်ငံခြားအရာရှိတွေ လာရောက် လေ့လာတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက သံမှူးကြီးတဦးရယ်၊ နောက်- ဗြိတိသျှသံရုံးက သံရုံးအတွင်းဝန် တဦးရယ်၊ UNHCR ကနေပြီးတော့ မြန်မာပြည်ဌာနေကိုယ်စားလှယ်ရယ် - အဲဒီ ၃ ယောက်က Observer အနေနဲ့ အစည်းအဝေးကို အစအဆုံးလာတက်တာ တွေ့ပါတယ်။ ဒီနေ့အစည်းအဝေးမှာတော့ အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းရှင်းပြနေတာကတော့ မတ်လ ၁ ရက်နေ့၊ သမ္မတရဲ့မိန့်ခွန်း ပြီးတဲ့နောက်ပိုင်းမှာ သူတို့အနေနဲ့လည်း ဒါကို ငြိမ်းချမ်းရေးကို ပိုပြီးတော့ ကြိုးစားအားထုတ် ဆောင်ရွက်တဲ့အချိန်မှာ ပိုပြီးပွင့်လင်းမြင်သာမှုရှိတဲ့ဟာကို သူတို့ ပိုလုပ်တော့ နောက်ပွဲတွေမှာလည်း လေ့လာတဲ့သူတွေကို လက်ခံပြီးတော့ လေ့လာစေမယ်လို့ ပြောတာ ကြားပါတယ်”

ဒါကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အကျိုးဆောင် ဦးလှမောင်ရွှေပါ။ ဒီလိုမျိုး နိုင်ငံတကာကို လေ့လာခွင့်ပေးတာဟာ နှစ်ဘက်ဆွေးနွေးမှုတွေ ပိုပြီးပွင့်လင်းလာဖို့နဲ့ တိုင်းရင်းသားအဖွဲ့တွေ ဘက်ကလည်း အစိုးရငြိမ်းချမ်းရေးအဖွဲ့တွေကို ပိုပြီးယုံကြည်မှုရှိလာဖို့နဲ့အတူ နိုင်ငံတကာဘက် ကလည်း အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေအပေါ်မှာ ပိုပြီးတော့ ပွင့်လင်းမြင်သာမှုတွေ ရှိလာအောင် စတင်ခွင့်ပြုတာဖြစ်မယ်လို့လည်း ဦးလှမောင်ရွှေက သုံးသပ်ပါတယ်။

XS
SM
MD
LG